Tuesday, October 20, 2015

မတရားအသင်းအက်ဥပဒေအရ ဖမ်းဆီးခံထားရသူများစာရင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ အစိုးရတောင်းခံ

မတရားအသင်းအက်ဥပဒေအရ ဖမ်းဆီးခံထားရသူများစာရင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ အစိုးရတောင်းခံ

ရန်ကုန် ၊အောက်တိုဘာ ၁၉

NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး မတရား အသင်းအက်ဥပဒေပုဒ်မများဖြင့် အရေးယူ ဖမ်းဆီးခြင်းခံထားရသည့် အကျဉ်းသားများရှိပါက စာရင်းတင်ပြပေးရန် အစိုးရက ယင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို တောင်းဆိုထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

“ ဝန်ကြီး ဦးအောင်မင်းက မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အရေးယူထားတာရှိရင် စာရင်းပေးပါ။ သူတို့ကနေတစ်ဆင့် သမ္မတကြီးဆီ တင်ပြပေးပါမယ်ဆိုပြီး ပြောထားတာရှိတယ်။ အစိုးရအဖွဲ့ဆီတင်ပြီး လုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောထားတာပါ။ ဒါပေမဲ့ အခုထိ ၈ ဖွဲ့လုံးက တစ်ယောက်မှ စာရင်း ပေးထားတာ မရှိသေးဘူး” ဟု ဦးလှမောင်ရွှေက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့တို့ သဘောတူးလက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း မတရားအသင်း ကြေညာထားခြင်းမှ ပယ်ဖျက်ကြောင်း အောက်တိုဘာ ၁၂ရက်နေ့တွင် အစိုးရဘက်မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ NCA စာချုပ် အခန်း (၆)တွင် NCA လက်မှတ်ရေးထိုးပြီးသည့် အချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် မတရားအသင်း အက်ဥပဒေအရ အမှုစွဲဆိုခံထားရသူများနှင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် သဘောတူကြောင်း ဖော်ပြထားသည်။

အစိုးရဘက်က ယင်းကဲ့သို့ တောင်းဆိုထားသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် သိရှိခြင်းမရှိသည့် ဖမ်းဆီးမှုများလည်း ရှိနိုင်သောကြောင့် စာရင်းအတိအကျရရန် ခက်ခဲကြောင်း ကရင်အမျိုးသား အစည်းရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

“ သူတိုက နဂိုကတည်းက လွှတ်ပေးထားတာတော့ရှိတယ်။ အဲ့ဒါ ကျန်နေသေးရင်လည်း စာရင်းထပ်ပို့ ပေးပါတဲ့။ ကျွန်တော်တို့ကလည်း ပြန်ပို့ပေးရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဖမ်းတာကို သိသလို ကျွန်တော်တို့ မသိ
ဘဲ ဖမ်းလိုက်တာလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဖမ်းထားသမျှ အကုန်လုံး လွှတ်ပေးဖို့ တောင်းဆိုထားတယ်။ စာရင်းမသိတော့ ၁၇/၁ အပါအဝင် နိုင်ငံရေးသမားတွေ အားလုံး ခြုံပြီးတော့ ပြောရတာပေါ့”ဟု ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။

သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ၂၀၁၃ခုနစ် ဒီဇင်ဘာ ၃၁ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများထဲမှ မတရားအသင်း အက်ဥပဒေဖြင့် အရေးယူထားတဲ့သူ အားလုံးကို ပယ်ဖျက်ပေးပြီး ဖြစ်သောကြောင့် လက်ရှိအချိန် တွင် မတရားအသင်းအက်ဥပဒေဖြင့် အရေးယူထားသူဦးရေမှာ အနည်းငယ်သာရှိနိုင်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာအကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆိုသည်။

“၂၀၁၄ ဇန်နဝါရီကနေ ယနေ့အထိ ရှိရင်တောင်မှ ဆယ်ဂဏန်းလောက်ပဲရှိတယ်။ ဒါက ကျွန်တော်ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီမှာ ပါတဲ့အတွက် ကျွန်တော်သိတယ် ။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း မူပဲပြောနေတာ အချက်အလက်အားဖြင့်တော့ ရှိမယ်မထင်ဘူး” ဟု ဦးလှ မောင်ရွှေက ထပ်လောင်းပြောကြားသည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPs)၏ စာရင်းများအရ လက်ရှိအချိန်အထိ မတရားအသင်းအက်ဥပဒေဖြင့် အရေးယူခံရ၍ အကျဉ်းကျနေသူများစွားရှိနေသေးကြောင်း အဆိုပါအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။

“လောလောဆယ်မှာတောင် လက်မှတ်ထိုးတဲ့အထဲမှာပါတဲ့ ABSDF ၊ KNU ၊ RCSS တို့အထဲမှာလည်း ၁၇/၁ တွေ၊ ၁၇/၂တွေနဲ့ ထောင်ကျနေတာတွေရှိတယ်။ တကယ့်တကယ် ကျတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာ လက်မှတ်ရေးထိုးပြီးသော်လည်း ဒါတွေနဲ့ ပတ်သက်ပြီး ဒီနေ့ထိတော့ အလေးအနက်ထား စဉ်းစားတာ မတွေ့ရသေးဘူး။ လက်မှတ်ထိုးတဲ့ နေ့ကစပြီး ထောင်ရှေ့ကို သွားစောင့်တာ မနေ့ကအထိ ဘာမှ မထူးသေးဘူး” ဟု ဦးထွန်းကြည်က ရှင်းပြသည်။

ထို့အပြင် မတရားအသင်း အက်ဥပဒေဖြင့် အရေးယူခံထားရသူများသည် တခြားပြစ်မှုများကိုပါ ကျူးလွန်သူများ ဖြစ်ပါက သက်ဆိုင်ရာ နစ်နာသူများ ရှိနိုင်သောကြောင့် မတရားအသင်း အက်ဥပဒေအရ ပယ်ဖျက်ပေးရေးတွင် အခက်အခဲရှိနိုင်ကြောင်း ဦးလှမောင်ရွှေက မှတ်ချက်ပေးသည်။

“ဥပမာ အကျဉ်းသား တစ်ယောက်ကို ၁၇/၁ ၊ ၁၇/၂ တို့ ၁၀ (က) ၊ ၅(ည)တို့ အဲ့ဒါတွေကို ဖြုတ်ပေးလိုက်ပေမယ့် သူဟာ လူသတ်မှုကျူးလွန်ရင်တော့ သက်ဆိုင်ရာ နစ်နာသူရှိတဲ့ အတွက် အဲ့ဒါကို မတရားအသင်းက ပယ်ဖျက်ဖို့တော့ ပြောလို့ရမှာမဟုတ်ဘူး” ဟု ဦးလှမောင်ရွှေက ရှင်းပြသည်။

အောက်တိုဘာ ၁၅ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NCA စာချုပ် လက်မှတ်ရေးထိုးပွဲတွင် တိုင်းရင်း သားလက်နက်ကိုင် ၈ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: