Tuesday, October 6, 2015

မျိုးစောင့်ဥပဒေများကိုဖျက်လိုဖျက်ဆီးလုပ်ဆောင်မည့် လူများ၊ အဖွဲ့အစည်းများကိုမာရ်နတ်ဖြင့် ဥပမာပေး၍ သတိထားရန် သီတဂူဆရာတော်ကြီးသတိပေး

မျိုးစောင့်ဥပဒေများကိုဖျက်လိုဖျက်ဆီးလုပ်ဆောင်မည့် လူများ၊ အဖွဲ့အစည်းများကိုမာရ်နတ်ဖြင့် ဥပမာပေး၍ သတိထားရန် သီတဂူဆရာတော်ကြီးသတိပေး

အောက်တိုဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေအောင်ပွဲအထိမ်းအမှတ်တွင် မျိုးစောင့်ဥပဒေများကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်မည့် လူများ၊ အဖွဲ့အစည်းများကို မာရ်နတ်ဖြင့် ဥပမာပေး၍ သတိထားရန် သီတဂူဆရာတော်ကြီး သတိပေးမိန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

သီတဂူဆရာတော်ကြီးကအဖွင့်သြ၀ါဒ ပြောကြားရာတွင် “မာရ်နတ်ရဲ့တိုက်ပွဲဟာ ဗောဓိပင်အောက်မှာ ပြီးသွားပြီလို့ မမှတ်နဲ့။ မြတ်စွာဘုရားကိုယ်တော်မြတ်ကို တိုက်ခဲ့တဲ့ မာရ်နတ်ရဲ့ တိုက်ပွဲဟာ ဗောဓိပင်အောက်မှာ မပြီးဘူး။ နောက် ခုနှစ်နှစ်ကြာတော့ မာရ်နတ်ကိုယ်တိုင်က မြတ်စွာဘုရားကို လျှောက်တဲ့ စကားတစ်ခွန်းရှိတယ်။ မာရ်နတ်ကြီးဗောဓိပင်အောက်မှာ ရှုံးနိမ့်ပြီးတော့ နဂါး၊ ဂဠုန်၊ သိကြား၊ ဗြဟ္မာ၊ နတ်ဒေ၀ဒါတွေ အောင်ပွဲဆင်ပြီးတော့ ပျော်ပွဲဆင်ပြီးတဲ့ နောက်ပိုင်းမှာ မာရ်နတ်ဟာ နောက်ဆုတ်သွားတာမဟုတ်ဘူး။ အဲဒါကိုအားလုံးသတိပြုရလိမ့်မယ်။ အောင်ပြီဆိုပြီးတော့ စိတ်ချလက်ချ နေလို့မဖြစ်ဘူး။ ဗုဒ္ဓကိုအနှောက်အယှက်ပေးဖို့ ဗုဒ္ဓရဲ့ခြေရာနောက်ကို နောက်ယောင်ခံ လိုက်ခဲ့တာ ခုနှစ်နှစ်ကြာတယ်။ အဲဒါကြောင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေအောင်ပြီဆိုပြီးတော့ မျက်စိမှိတ်အိပ်နေလို့ မဖြစ်ဘူး။ မာရ်နတ်က အမြဲတမ်း နောက်မှာ ရှိနေတယ်။ ဘုရားရှင်ရဲ့ ခြေရာတောင် ခုနှစ်နှစ်လိုက်သေးတာ။ ပုထုဇဉ်တွေရဲ့ ခြေရာကို နင်းလိုက်ဖို့ရာ မာရ်နတ်မှာအမြဲတမ်းအကြံအစည် ရှိတယ်။ အဲဒါကိုအားလုံးသတိပြုဖို့ လိုပေလိမ့်မယ်” ဟု ထည့်သွင်း မိန့်ကြားခဲ့သည်။

“ချီးမွမ်းခန်းတွေ ဖွင့်ပြီးတော့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ လုပ်ငန်းကြီး အောင်မြင်ပြီ ဆိုပြီး ချီးမွမ်းသံတွေလည်း ကြားကြရမယ်။ ချီးမွမ်းသံ ကြားရလို့ ၀မ်းမြောက် ကြည်နူးပြီးတော့ မြူးတူးခြင်းတွေလည်း ဖြစ်တော်မူမနေကြပါနဲ့။ ကဲ့ရဲ့သံတွေလည်း မိုးမွှန်အောင် ကြားနေကြရလိမ့်မယ်။ ကဲ့ရဲ့သံတွေ၊ ရှုတ်ချသံတွေ၊ အပြစ်တင်သံတွေ ကြားနေရလို့လဲ စိတ်ပျက် ငြီးငွေ့ပြီးတော့ စိတ်နှလုံးမသာမယာ ဖြစ်တော်မမူကြပါနဲ့။ စွပ်စွဲသံကြားလို့ စိတ်နှလုံးမသက်သာရင် စိတ်နှလုံးမသက်သာတဲ့ပုဂ္ဂိုလ်တွေမှာဘာရှိလဲ။ အန္တရာယ်ရှိတယ်။ အဲဒါကြောင့် ချီးမွမ်းကြောင့်လဲ ၀မ်းမမြောက်ဖို့၊ ကဲ့ရဲ့ရှုတ်ချသံတွေ ကြားရလို့လဲစိတ်မပျက်ဖို့၊ ဒေါသအာဃာတမဖြစ်ဖို့၊ ဆရာတော် အရှင်မြတ်များကို ဘုရားတပည့်တော် လေးနက်စွာတောင်းပန်လျှောက်ထားပါတယ်” ဟုလည်း မိန့် ကြားခဲ့သည်။

“သီတဂူဆရာတော်ကြီးပြောတဲ့ မာရ်နတ်ဆိုတာ ဘယ်သူတွေကိုပြောတာလဲ အားလုံးလဲသိကြပါ တယ်။ ဆရာတော်ကြီးကအဖိုးထိုက်တန်လှတဲ့ သြ၀ါဒစကား ပြောသွားတာပါ။ ဒီကနေ့ မျိုးစောင့် ဥပဒေတွေ ပြဌာန်းနိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲပြီးတော့ တက်လာမယ့် အစိုးရက ဒီဥပဒေတွေကို ဖျက်လိုက်မယ်ဆိုရင် အလဟဿ ဖြစ်ရမှာပဲ။ ဘုန်းကြီးတို့ အနေနဲ့ မာရ်နတ် ဘယ်သူလဲသိဖို့ လိုပါတယ်။ ဘုရားရှင်တော်မြတ် သဗ္ဗေညုတဥာဏ်တော် မရအောင် မာရ်နတ်ကအမျိုးမျိုးနှောင့်ယှက် တယ်။ တားဆီးတယ်။ ပိတ်ပင်တယ်။ ဒီလိုပဲ မျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ အချိန်မှာ ဒီဥပဒေတွေ ဖြစ်မလာအောင် လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေနဲ့ လွှတ်တော်ကအဆောင်တစ်ခုမှာ အစည်းအဝေးလုပ်တယ်။ မီဒီယာတွေကတစ်ဆင့် တိုက်ခိုက်ခဲ့တယ်။ နောက် နိုင်ငံတကာက ဝေဖန်တာတွေ၊ ရှုတ်ချတာတွေ ဖြစ်လာအောင် လုပ်ခဲ့တယ်။ နောက်ဆုံးလွှတ်တော်မှာမဲခွဲတော့ ကန့်ကွက်မဲတွေ ပေးခဲ့ကြတယ်။ ဒါကမာရ်နတ်တွေ ဘယ်လိုဖျက်ခဲ့ တားခဲ့သလဲသိကြပါတယ်။  ဆရာတော်ကြီးက ထေရ်ကြီးဝါကြီးဖြစ်တဲ့အတွက် ပညာရှိဆန်ဆန် ပြောသွားခဲ့တာပါ။ အမှန်တော့ NLD ပါတီကိုရည်ညွှန်းပြီးပြောခဲ့တာပါ။ NLD ပါတီဟာမာရ်နတ်လို့ ထုတ်မပြောရုံတမယ်ပါပဲ။ တန်ဖိုးရှိ တဲ့ စကားပါ။ ဘုန်းကြီးတို့ ပိုပြီးသတိရှိကြဖို့ လိုပြီ။ ဘုန်းကြီးတို့ ပြည်သူတွေ မာရ်နတ်ကို အားပေး တာတွေ မလုပ်ဖို့၊ မာရ်နတ်ကိုအားကောင်းလာအောင် မလုပ်ဖို့ သတိရှိကြဖို့ လိုပြီလို့ ပြောချင် ပါတယ်” ဟုအောင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် မဘသဆရာတော် ဦးသောဘိတ က မိန့်သည်။

NLD ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်သင်းသင်းအောင်၊ ဒေါ်စူဆန်လှစိုး၊ လိင်တူချစ်တူဦးအောင်မျိုးမင်း စသည့် လူ့အခွင့်အရေးတက်ကြွသူများအား လွှတ်တော်ရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဆောင်တွေ ခေါ်ယူတွေ့ဆုံကာ မျိုးစောင့် ဥပဒေများ ပြဌာန်းနိုင်ခြင်းမရှိစေရန် မီဒီယာကန်ပိန်းများ၊ NGO ကန်ပိန်းများ၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ၄င်းအပြင် လွှတ်တော်တွင်း မဲခွဲသည့်အခါ NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်မဲပေးခဲ့ကြသည်။

“သီတဂူဆရာတော်ကြီးပြောတာမှန်ပါတယ်။ မာရ်နတ်နဲ့ အပေါင်းအပါတွေ ဖြစ်တဲ့ NLD ပါတီက တောက်လျှောက် နှောင့်ယှက်ခဲ့ကြတာ။ အခွင့်သာရင် ဒီဥပဒေတွေကိုဖျက်ပစ်မှာပဲ။ ဆရာတော်ကြီး မိန့်မှာခဲ့သလိုအရင်တုန်းကဥပဒေတွေ အခုမရှိတော့ဘူးလေ။ အထူးသတိထားကြရမယ့် ကာလ ရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုင်ငံခြားသားဘာသာခြားကိုယူထားတော့ မျိုးစောင့် ဆိုတဲ့ စကားလုံးကအစ သူ့ကိုထိသလို ဖြစ်နေတယ်။ ဒါကသူ့ရဲ့ အတိတ်ပဲ။ အတိတ်လုပ်ရပ်ကိုပြောင်းလို့မှမရတာ။ ဒါကစပြီးကန့်ကွက်လာတာပါပဲ။ ရွေးကောက်ပွဲက အရေးကြီး ပါတယ်။ အမျိုးဘာသာသာသနာကိုကာကွယ် စောင့်ရှောက်ဖို့ ကတိမပေးနိုင်တဲ့ မာရ်နတ်တွေကို မရွေးမိဖို့ အထူးအရေးကြီးပါတယ်။ မာရ်နတ်တွေကိုလွှတ်တော်ထဲရောက်အောင် လုပ်မပေးဖို့ လိုတယ်။ လွှတ်တော်ထဲမှာမာရ်နတ်တွေ ရောက်သွားပြီဆိုရင် မာရ်နတ်တွေ အောင်ပွဲဆင်သွား လိမ့်မယ်။ ” ဟု အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ဝင် တစ်ဦးကပြောသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: