”ကျွန်တော် စောင့်ကြည့်နေပါသည်”
=
ကျွန်တော် ဖေ့စ်ဘွခ်ပေါ်တွင် ဗဟန်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကို နိုတီယူထားသည်။ သူ့အမေး ကျွန်မအဖြေ ဟုဆိုသော သူမ၏ အခန်းဆက် အမေးအဖြေကဏ္ဍကို နှစ်သက်သောကြောင့်ဖြစ်သည်။ မနေ့က ဒေါ်ညိုညိုသင်း ဆီမှ နိုတီတစ်ခု တက်လာသည်။ ခါတိုင်းလို သူ့အမေး ကျွန်မအဖြေကဏ္ဍမဟုတ်။ သူမ ၏ မဲဆန္ဒနယ် ဗဟန်းမြို့နယ်အတွင်း သူမအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချက်များ ရေးသားထားတသည့် လက်ကမ်း စာရွက်များ နေရာ အနှံ့ လိုက်ဖြန့်ဝေနေသည်ဟု ပြည်သူကို အသိပေးသည့်စာဖြစ်သည်။
မည်သူမည်ဝါများက ရည်ရွယ်ချက်ရှိရှိ ဦးဆောင်ဖြန့်ဝေနေကြသည်မှာ ထုတ်ပြောဖို့ပင် မလိုအပ်ပေ။
သူမက ဒေါသတကြီး တုန့်ပြန်ခြင်းမရှိ။ ဗဟန်းသူ ဗဟန်းသားများကို သူမဆောင်ရွက်နိုင်ပေးနိုင်မည့် ကတိများ၊ မားမားမတ်မတ် ရှိနေသည့် ရပ်တည်ချက်များအား အသိပေးထားပြီးဖြစ်သည်။ ပြည်သူထောက်ခံမှုလည်း တစ်ခဲနက် ရရှိထားပြီးသူဖြစ်သည်။ တိုက်ခိုက်သည့် ပါတီကြီးမှ ပုဂ္ဂိုလ်များကို သိစေချင်သည်မှာ သူမလို ပြည်သူ့ထောက်ခံမှု ရချင်လျှင် သူမအား ယခုလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းထက် သူမကဲ့သို့ အလုပ်လုပ်ပြရမည်။ သူမလို စေတနာထားရမည်။ သူမလို ရပ်တည်ချက်ပြတ်သားရမည်။
=
ဒေါ်ညိုညိုသင်းသည် ခေတ်သစ် ဒီမိုကရေစီ နိုင်ငံရေးသမားများထဲတွင် ထက်သည်၊ ပေါ်လွင်သည်၊ အတွေးအခေါ်ရှိသည်၊ စတိုင်ရှိသည်။ အလုပ်လုပ်သည်။ တိုင်းဒေသကြီးလွှတ်တော်တွင်သာ ရှိနေစေကာမူ သူမအား တစ်ပြည်လုံး အသိအမှတ်ပြုအောင် ဆောင်ရွက်နိုင်ခဲ့သည်။ NLD ပါတီနှင့် လက်တွဲဖို့ ဖိတ်စာရရှိခဲ့ဖူးသူဖြစ်သလို ထိုဖိတ်စာကို NLD ဘက်မှ တစ်ဘက်သက် ပြန်လည်ရုတ်သိမ်းခံလိုက်ရသူလည်းဖြစ်သည်။
အမေစုနှင့် လက်မတွဲချင်သူ မည်သူမှ ရှိမည်မထင်။ အမေစု၏
ဗျူရိုကရေစီသည် ထက်မြက်သည် နိုင်ငံရေးသမားများနှင့် အံမဝင်ဖြစ်နေသလားဟု မေးခွန်းထုတ်ဖွယ်ရာများဖြစ်လာသည်။ ထူးဆန်းသည်မှာ ဦးဇဂနာ ။ ဦးမင်းကိုနိုင် ။ ဦးကိုကိုကြီး၊ အစရှိသူတို့ပင်တောင်မှ အမေစုအနား အရင်လို သိပ်မကပ်နိုင်ကြတော့ပါ။ ယခု အမေစုနားတွင် နှုတ်အရာ၌ ပရမ်းပတာ နိုင်သော ခါတော်မှီ အနုပညာရှင်များ၊ နောက်ပြန်စွဲသော Hard Liner EC ပုဂ္ဂိုလ်များ၊ ဘွဲ့ကြီးဘွှဲ့ငယ် အသွယ်သွယ် ပိုင်ဆိုင်ထားသော်လည်း အတွေ့အကြုံမရှိ မလုပ်တတ် မကိုင်တတ်၊ သမားရိုးကျ နိုင်ငံရေး စီးပွားရေး လူမှုရေး သဘောတရားများပင် နားမလည်သော အသိမဲ့လူငယ်များနှင့် နိုင်ငံခြားသား ပညာရှင်များသာ ဝန်းရံလျှက်ရှိသည်။ ထိုနိုင်ငံခြားသားများက ပါတီကို မည်သည့်အခန်းကဏ္ဍမထိ နက်နက်နဲနဲ ကူညီပေးနေသည်ကို ကျွန်တော်တို့မသိရပါ။ NLD အစိုးရသာ ဖွဲ့ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးများတောင် နိုင်ငံခြားသားများဖြစ်ချင်ဖြစ်လာနိုင်သည်။
=
တစ်ခါ ဒေါက်တာနေဇင်လတ် စာမျက်နှာမှ ပိုစ့်တစ်ပုဒ်ကို မိတ်ဆွေတစ်ယောက်ပို့၍ ကျွန်တော်မြင်လိုက်ရသည်။
NDP ပါတီ၏ မဲဆွယ်ဗီနိုင် အချက် ၃၆ ခုကို တစ်ညတည်းနှင့် အားလုံးဖျက်ဆီးသွားသည်။ ရည်ရွယ်ချက် ရှိရှိ လုပ်သွားသည်မှာ ထင်ရှားလွန်းလှသည်။ မည်သူများ ဆောင်ရွက်သွားသည်မှာလည်း ထင်ရှားလွန်းလှသည်။
NDP ပါတီမှာ မနေ့တစ်နေ့ကမှ ပေါ်လာသော ပါတီအသစ်ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကျော် တည်တံ့လာသော ပါတီကြီးတစ်ခုအနေနှင့် New bee ပါတီငယ်လေးကို ယခုကဲ့သို့ အင်းခွေးကြီး ချည်တိုင်ကျွတ်သလို ရမ်းသမ်းတိုက်ခိုက်နေသည်မှာ “ သူတစ်ပါးကို ချိုးနှိမ်ပြီးမှ ကိုယ်တိုးတက်မယ်ထင်တာ လူတော်တွေရဲ့ အလုပ်မဟုတ်ဘူး” ဟုဆိုသည့် အမေစု၏ စင်ပေါ်အဆိုအမိန့်များနှင့် ပြတားတစ်လမ်း သံတစ်လမ်းပင်။ ထိုအဆိုအမိန့်များဟာ အများအမြင်မှာ ဖက်ရှင်ကျရုံ သပ်သပ်ပေလား။
=
သည်နေရာတွင် အမေစုကိုလည်း မရဲတရဲ မေးခွန်းထုတ်လိုသည်။ ယခု ဒေါ်ညိုညိုသင်းအား တိုက်ခိုက်နေသူများမှာ NLD ပါတီ CEC အဖွဲ့မှ ဒေါ်ညိုညိုသင်းအား ပယ်ချလိုက်ပြီး ဗန်းမြို့နယ်အတွက် ကောက်တင်ပေးထားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်သည်။ ဒီလို ကိစ္စတွေကို အမေစု မြင်နေလျှက်နှင့် စုံလုံး မှိတ်ထားလေသလား။
အွန်လိုင်းပြင်ပ လက်တွေ့နိုင်ငံရေးတွင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ မမှန်မကန် ရေးသားဖြန့်ဝေမှုများကို NLD ပါတီမှတစ်ပါး အခြားမည်သည့် ပါတီကမှ ဆောင်ရွက်နေသည်ကို မတွေ့ရပါ။ NDP လို နုနုနယ်နယ် ပါတီငယ်ကလေးနှင့် ဒေါ်ညိုညိုသင်းလို တစ်သီးပုဂ္ဂလ အမတ်လောင်းလေးတစ်ယောက်က သင်တို့လောက် ဘဏ္ဍာရေး၊ လူထုထောက်ခံမှုတို့ ရှိပါ့မည်လားလေ။ တကယ်တမ်းတွင် NDP နှင့် ဒေါ်ညိုညိုသင်းသာမကပါ အခြားသော တစ်သီးအမတ်လောင်းများလည်း ပစ်မှတ်များဖြစ်နေကြသည်။ ကုန်ကုန်ပြောရလျှင် ကြယ်ဖြူခွတ်ဒေါင်းမှလွဲလျှင် ကျန်သူများအားလုံး ပစ်မှတ်များဖြစ်နေကြသည်။
တစ်ခါက “ အမေပြောချင်တာက ခွန်အားကြီးသူက ခွန်အားငယ်သူကို ညှာတာရမယ်” ဟုအမေစုက ဆိုဖူးပြန်သည်။ ယခုကဲ့သို့ ဘူးသီးနုနုများကို အမွှေးသပ်နေခြင်းက NLD ပါတီ၏ ကြီးနိုင်ငယ်ညှင်း သရုပ်သကန်များပင် မဟုတ်ပါလား။
NLD ပါတီကို အသိဝင်စေချင်သည်မှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများနှင့်ဒီမိုကရေစီနိုင်ငံတော် မတည်ဆောက်နိုင်ပါ။ မူဝါဒကောင်းနဲ့ လုပ်ဆောင်ချက်ကောင်း တွဲလျှက်ဖြစ်ပါမှ မျှတပြီး တန်းတူဖြစ်သော ဒီမိုကရေစီကို ဖေါ်ဆောင်နိုင်မည်ဖြစ်သည်။ အပုတ်ချတိုက်ခိုက်ခြင်းဆိုသည်မှာ မိမိတွင် ကိုယ်ပိုင်အရည်အချင်း၊ မှန်ကန်သော ကိုယ်ပိုင် ခံယူချက် မရှိသော သူများ၏ ယုတ်မာသော လုပ်ရပ်သာဖြစ်ပေသည်။ တစ်ပါးသူများကို အရှက်ကွဲစေလိုသော ရည်ရွယ်ချက်ဖြင့် ချိုးနှိမ်တိုက်ခိုက်မှုများ ပြုပါသော်လည်း အမှန်တကယ် အရှက်အိုးကွဲရသည်မှာ မိမိသာဖြစ်သည်ဆိုတာကို နားလည်စေချင်သည်။ အပြိုင်တည်ရှိမှုကို လက်ခံရမည်။ အပုတ်ချခြင်းသည် ရှက်စရာ ဖြစ်ကြောင်းကို သိစေချင်သည်။ ထိုအတွက် NLD ပါတီဝင်များအနေနှင့် အခြားသော ပါတီဝင်များအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပြုလုပ်နေသည်များ၊ ဒီမိုကရေစီမဆန်သည့် ပရမ်းပတာလုပ်ရပ်များကို ရပ်တမ်းမှ ရပ်ရန် ဆန္ဒပြုလိုပါသည်။ ကျွန်တော် စောင့်ကြည့်နေပါသည်။ ပြည်သူများ စောင့်ကြည့်နေပါသည်။
John Key
Photos from We Love True's post
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment