ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမှာ စိုးရိမ်မိသည် [သရ၀ဏ်(ပြည်)]
------ ------ ------ ------ ------
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသည်။ လူထုဘက်သို့ မျက်နှာမူ၍ ပြောနေရင်း ဒေါ်အောင်ဆန်းစုကြည် သည် သူ့ရှေ့ဘက်သို့ လက်ညှိုးထိုးလိုက်ရင်း အံ့သြသောမျက်နှာနှင့် အဲ အဲ ဟုပင် အာမေဋိတ်သံ ထွက် ပေါ်သွားပေ၏။ ခဏကြာသောသောအခါ ကင်မရာမြင် ကွင်းထဲတွင် လူတို့ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီး လူတယောက်ကို NLD လုံခြုံရေးယူထားသော လူငယ်များက ၀ိုင်းဝန်းဆွဲခေါ်လာသည်ကို တွေ့ရသည်။ လုံခြုံရေးလူငယ်များသည် လူတယောက်ကို ဖမ်းချုပ်ကာ စင်နောက်ဘက်သို့ဆွဲခေါ်သွားကြသည်ကို ဒေါ်အောင် ဆန်းစုကြည်သည် သမင်လည်ပြန်လိုက်ကြည့်နေ၏။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် သတိဝင်လာကာ ''အဲလို မလုပ်နဲ့လေ၊ ဒီကို ခေါ်ခဲ့၊ ဒီကိုခေါ်ခဲ့၊ ဒီကိုခေါ်ခဲ့''ဟု ထပ်ကာထပ်ကာ သူ့လူတွေကို လှမ်းပြောလိုက် သည်။ ထိုအခါ NLD လုံခြုံရေးအဖွဲ့ဝင်များက လူတယောက်ကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဆွဲခေါ်လာ သည်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့သို့ရောက်လျှင် ထိုလူအား ချုပ်ကိုင်ထားသော လက်များကို လွှတ်ပေးလိုက် ကြ၏။ ဆွဲခေါ်ခြင်းခံလာရသောလူသည် အမျိုးသားတဦးဖြစ်သည်။ သူသည်လက်ထဲတွင် ပန်းကုံးတကုံးကိုကိုင် ထား၏။ သူ၏လက်များကို NLD လူငယ်များက လွှတ်ပေးလိုက်သည်နှင့် သူသည် လက်ထဲမှပန်းကုံးကို ဒေါ်အောင်ဆန်းစုကြည်၏ လည်ပင်းအား စွပ်ပေးလိုက်တော့သည်။ လူထု၏သြဘာသံကြီးသည် ဆူညံစွာ ဟိန်းတက်သွားတော့၏။
အမေစု . . . အမေစု
ဆိုသော စုပေါင်းကြွေးကြော် အော်ဟစ်သံများလည်းဆက်ကာ ဆက်ကာ ထွက်ပေါ်လာပေသည်။ ထိုအခါမှ စင်ပေါ်တွင် စိုးရိမ်တကြီး တာဝန်ယူထားရသော လုံခြုံရေးလူငယ်များလည်း သက်ပြင်းချနိုင်ကာ လက်ခုပ် လက်ဝါးတီးကြပေသည်။ ဤကား Facebook ပေါ်တွင် ကျွန်တော်ကြည့်ရသော ၄၃ စက္ကန့်စာ ဗီဒီယိုဖိုင်လ် ကလေးဖြစ်သည်။
ကြည့်ရှုသူတသိန်းခုနစ်သောင်းကျော်၊ like ထားကြသူ၊ Share ထားကြသူ သောင်းနှင့်ချီ ၍ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် များနှင့်နှိုင်းယှဉ်ပြီး ချီးကျူးထားသော Comment ပေါင်းများစွာတွေ့ရသည်။ ထိုဗီဒီယိုဖိုင်လ်ကိုကြည့်ရသောအခါ ကျွန်တော့်တွင် အမျိုးမျိုးသော ခံစားချက်များစွာ ဖြစ်ပေါ်ရ၏။ ပထမခံစားချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ပုံကို ကြက်သီးထသည်အထိ ချီးမွမ်း ကြည်နူးသော ခံစားမှုဖြစ်သည်။ လူတယောက်ပန်းကုံးလေးကိုင်ပြီး စင်ပေါ်သို့ပြေးတက်လာသည်။ ထိုလူကို မိမိ၏လုံခြုံရေးအဖွဲ့က အတင်းဖမ်းချုပ်တားဆီးဆွဲခေါ်သွားသည်။ ထိုအခါ ကျွန်တော်တို့သာဆိုလျှင် ဘယ်လို တုံ့ပြန်မည်နည်း။ မည်သူမဆို မိမိလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစွာစဉ်းစားမည်ဖြစ်သည်။ စစ်အာဏာရှင်များသာဆိုလျှင် မတက်ပါနဲ့ဆိုတာ ဘာလို့တက်လာတာလဲ၊ သေချင်ပြီထင်တယ်၊ ဒီကောင့်ကို အချုပ်ထဲပို့လိုက်တို့ (သို့မဟုတ်) မင်းဘယ်သူလဲ၊ ဘယ်အဖွဲ့ကလဲ၊ ဘာအကြံအစည်နဲ့ မင်းစင်ပေါ်ကို တက်လာတာလဲ စသည်ဖြင့် မေးမြန်းစစ်ဆေးပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ပုံကား လူသား ဆန်လှသည်။ မေတ္တာတရားနှင့်ပြည့်ဝသော ခေါင်းဆောင်ပီသသည်။ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိ နေသောသူတယောက်၏ ခပ်ရှင်းရှင်းတုံ့ပြန်မှုမျိုးဖြင့် စိတ်ထဲကရှိသည့်အတိုင်း ဟန်မဆောင်ဘဲ (တမင်အကွက်ဆန်းထွင်သည် မဟုတ်ပါဘဲ)တုံ့ပြန်သွားခဲ့သည်မှာ များစွာချီးကျူးဖွယ်ဖြစ်သည်။ သို့သော် ထိုမြင်ကွင်းကိုမြင်ရပြီးနောက် ခံစားချက်တခုလည်းဖြစ်ပေါ်မိပေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ပကတိရိုးသား သော စိတ်ထားဖြင့် ပြည်သူတွေကို ဆက်ဆံတာကောင်းပါ၏။ သို့သော် ထိုနေ့က စင်ပေါ်သို့တက်လာသော လူသည် လုံခြုံရေးများလက်မှ လွတ်သည်နှင့် သူ့လက်ထဲသို့ရောက်လာသောအရာမှာ ပန်းကုံးတကုံး မဟုတ် ဘဲ ဓားမြောင်တလက်(သို့မဟုတ်) သေနတ်တလက်ဖြစ်ခဲ့မည်ဆိုလျှင် ဘယ်လိုလုပ်မလဲဆိုသော မေးခွန်းဖြစ် သည်။ ပန်းကုံးတကုံးဖြစ်နေသဖြင့် ကြည်နူးပျော်ရွှင်ရသော စိတ်ခံစားချက်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားစိတ်ဖြစ်ရမှုတို့မှာ ကောင်းသော်လည်း လုံခြုံရေးရှုထောင့်မှကြည့်လျှင် ကြီးမားသော လစ်ဟာမှုကြီးတခု ဖြစ်နေပါသည်။ ထိုအရာနှစ်ခု (လုံခြုံရေးနှင့် ကြည်နူးခြင်း)ကို လဲလှယ်ခြင်းငှာ မထိုက်တန်ပါ။ စွန့်စားမှုမယူ သင့်ပါ။ မလဲသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကိုချစ်တာ လူတွေသိပါသည်။ ဒါကို ယခုအချိန်တွင် လုံခြုံရေးကျိုးပေါက်ခံ၍ သက်သေပြနေစရာ မလိုတော့ပါ။ လုံခြုံရေးအသိ အင်မတန်မြင့်မားသော နိုင်ငံခြား တိုင်းပြည်များမှာပင် အထပ်ထပ်ကာ ကွယ်ထားသည့်ကြားက လူထုခေါင်းဆောင်များ လုပ်ကြံခံရသည့်အဖြစ် များ အကြိမ်ကြိမ်အထပ်ထပ်ရှိခဲ့ဖူးပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အင်မတန်ခေါင်းမာသူတယောက် ဖြစ်ပါသည်။ မိမိမှန်သည်ထင်လျှင် မလျှော့ချင်သောလူစားမျိုးဖြစ်သည်။ ရခိုင်ပြည်နယ်သို့သွားရာတွင် ကျည်ကာအင်္ကျီဝတ်ဆင်မည်မဟုတ်ကြောင်း တရားဝင်ပြောထားသူဖြစ်သည်။ မိမိကမှန်တာလုပ်သဖြင့် မိမိကို မလိုလားသူ မရှိနိုင်ဟု အားလုံးကို ကိုယ့်စိတ်နှင့်နှိုင်းပြီး ရန်သူမရှိ၊ မိတ်ဆွေသာရှိ၏ဟု ယူဆခဲ့သော ဗိုလ်ချုပ် အောင်ဆန်းလို စိတ်ဓာတ်မျိုးရှိသူ ဖြစ်သည်။ မျိုးနှင့်ရိုးနှင့်သွေးထဲမှပါလာသော သတ္တိသည်ကောင်းပါ၏။ သို့သော် လောက၌ လူကောင်းတို့သာ ရှိသည်မဟုတ်၊ ဘုရားရဟန္တာကိုပင် ရန်သတ္တရုပြုနေသော လူ့ဗာလ များလည်း ရှိနေနိုင်သည်ကို မမေ့သင့်ပေ။
၁၉၄၇၊ ဇူလိုင်လ ၁၉ ရက် နံနက်က မိမိသည်မကြာခင်အချိန်တွင် ဂဠုန်ဦးစော၏လက်ပါးစေ လူသတ် သမားများလက်ချက်ဖြင့် ကျဆုံးရတော့မည်ဆိုသည်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး များသည် မည်သို့ကြိုသိနနုင်မည်နည်း။ ထို့ကြောင့်ပင် ပျော်ဘွယ်ဦးမြစီစဉ်ပေးသော ဗိုလ်ချုပ်အိမ်မှ လိုက်ပါလာမည့် လုံခြုံရေးအစောင့်များကို ဗိုလ်ချုပ်အောင်ဆန်းသည် ခါးခါးသီးသီးငြင်းဆန်ခဲ့သည် မဟုတ်ပါ လား။ အတွင်းဝန်များရုံးတွင် အစောင့်ချထားသော ပုလိပ်တပ်သားများကို ရုပ်သိမ်းစေသည်မဟုတ်ပါလား။ ထို့ကြောင့်ပင် အကြံသမား ဦးစော၏ ဘက်တော်သားများက နိုင်ငံ့ဦးသျှောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း တို့ကို ကြက်ကလေးငှက်ကလေးသဖွယ် လွယ်ကူစွာပစ်ခတ် လုပ်ကြံနိုင်ခဲ့သည် မဟုတ်ပါလား။ ဦးစောနှင့် အပေါင်းပါများ၏ အသက်ကို တသက်မက ဆယ်ကြိမ်ဆယ်ဘ၀ ပြန်အလျော်ပေးသော်လည်း အောင်ဆန်းလို လူကဖြင့် မြန်မာပြည်အတွက် ပေါ်မလာနိုင်ပါပြီ။ ထိုဆုံးရှုံးမှုတွင် ရလိုက်သည်နှင့် လျော်လိုက်ရသည်မှာ မမျှတပေ။ မောင်စိုးလို၊ သက်နှင်းလို၊ ရန်ကြီးအောင်လို၊ စိန်ကြီးလိုလူမျိုးတကုဋေနှင့် လဲသော်လည်း အောင်ဆန်းတယောက်ဖြစ်မလာနိုင်သည်ကို အားလုံးသိပါပေ၏။ ကမ္ဘာ့သမိုင်းကို အနည်းငယ် ပြန်ကြည့်ကြ ပါစို့။ လူထုချစ်သောခေါင်း ဆောင်များသည် မသမာသူအနည်းငယ်ကြောင့် မည်သို့ကျဆုံးခဲ့ကြပါသလဲ။
၁၈၆၅၊ ဧပြီလ ၁၄ ရက် ညနေတွင် အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းသည် ၀ါရှင်တန်ဒီစီရှိ ဖို့ဒ်ပြဇာတ်ရုံတွင် ကျွန်ုပ်တို့ အမေရိကန်ညီအစ်ကိုများဟူသော ပြဇာတ်ကိုကြည့်ရှုရန် သူ၏ ဇနီးနှင့်အတူ ရောက်ရှိနေပါသည်။ ထိုအချိန်တွင်အမေရိကန်ပြည်တွင်းစစ်မှာလည်း ပြီးခါနီးနေပေပြီ။ မြောက်ပိုင်းဗာဂျီးနီး ယားပြည်နယ်မှ ကွန်ဖက်ဒရိတ် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရောဘတ်၊ အီး၊ လီသည် ပြည် ထောင်စု တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး ယူလီဆေး၊ အက်စ်၊ ဂရန့်ထံသို့ပင် လက်နက်ချအညံ့ခံလိုက်သည်မှာ ငါးရက် သာရှိသေးသည်။ ဆိုလိုသည်မှာ တောင်နှင့်မြောက် တိုက်ကြသော ပြည်တွင်းစစ်တွင် အရှုံး အနိုင် ပေါ်လာစပြု ချိန်တွင် နိုင်နေသူ လင်ကွန်းကို အရှုံးသမား ဘက်တော်သားများက လုပ်ကြံခဲ့ခြင်းဖြစ်သည်။ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့သော၊ အလွန်တော်သော သမ္မတလင်ကွန်းသည် ပွဲကြည့်နေစဉ် ပြဇာတ်မင်းသား ဂျွန်ဝိုက်ဘုသ် ဆိုသူ အနီးကပ်ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းကိုခံရပြီး နောက်တနေ့မနက်တွင် အသက်ဆုံးရှုံး ခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရစဉ်က ဗိုလ်ချုပ်ကိုအလွန်နှမြောခဲ့ပြီး အကြမ်းဖက်ဝါဒကို အစဉ်အမြဲ ငြိမ်းချမ်း သောနည်းဖြင့် ဆန့်ကျင်ခဲ့သူ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကြီးသည်လည်း ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီး ခြောက်လခန့်အကြာ ၁၉၄၈၊ ဇန်န၀ါရီလ ၃၀ ရက်တွင် လုပ်ကြံခံရပါတော့သည်။ ထိုနေ့က ဂန္ဒီကြီးသည် ဘာသာရေး အခမ်းအနားတခုတက်ရန် နယူးဒေလီမြို့ရှိ ၀တ်ပြုဆုတောင်းပွဲသို့တက်ရောက် လာ၏။ ဂန္ဒီကြီးသည် ညနေ ၅ နာရီ ၁၂ မိနစ်တွင် Birla House ဘုရားကျောင်းသို့ရောက်ရှိလာ၏။ ဂန္ဒီကြီး ကိုကြည်ညိုသူများက လူစုလူဝေးကြီးဖြစ်ကာ ဒူးထောက်အရိုအသေပေးသူ၊ ဦးညွှတ်နှုတ်ဆက် သူ၊ တိုးဝှေ့ ကြည့်ရှုသူများဖြင့် ကြက်ပျံမကျ စည်ကားနေခဲ့ပေသည်။ ထိုအချိန်တွင် သေနတ်သံသုံးချက်ကြားလိုက်ရပြီး ပြည်သူချစ်သော ဂန္ဒီကြီးမှာ မြက်ခင်းပြင်ပေါ်သို့ လဲကျသွားတော့၏။ သူသည် မမျှော်လင့်ဘဲ လုပ်ကြံခံလိုက် ရခြင်း ဖြစ်သည်။ လုပ်ကြံသူမှာ ဟိန္ဒူအမျိုးသားရေးဝါဒီ အစွန်းရောက် စစ်သွေးကြွတဦးဖြစ်သည့် နာသူရမ်ဂို ဆေးဆိုသူ၏ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် လူကြားထဲတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးကြောင့် သတ်ခြင်းမဟုတ် ဘာသာရေးမှိုင်းမိကာ လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ပေသည်။ တနိုင်ငံလုံးကချစ်ကြသော်လည်း မုန်းသူတယောက်ကြောင့် တပြည်လုံး ရေတိမ်နစ်ခဲ့ရခြင်းပေတည်း။
ဂန္ဒီကြီးလုပ်ကြံခံရပြီးသည့်နောက် အိန္ဒိယနိုင်ငံရေးလောကတွင် အင်ဒီယာဂန္ဒီ လုပ်ကြံခံရသည်။ အိန္ဒိယ၏ စတုတ္ထမြောက်ဝန်ကြီးချုပ် ဖြစ်သူ အင်ဒီယာဂန္ဒီသည် ၁၉၈၄ ခု သြဂုတ်လ ၃၁ ရက် နံနက် ၉ နာရီ မိနစ် ၂၀ တွင် သူမ၏ သက်တော်စောင့်ဖြစ်သူ ဆစ်(ခ်)ဘာသာဝင်နှစ်ဦးက ပြန်လည်သတ်ဖြတ်ခြင်းကြောင့် နေအိမ်တွင် ပင် အသက်ဆုံးရှုံးရပါသည်။ သူ့အမေ အင်ဒီယာဂန္ဒီသေလျှင် သားဖြစ်သူ ရာဂျစ်ဂန္ဒီသည် ၀န်ကြီးချုပ် ဖြစ်လာ ပါသည်။ သူသည်လည်း ၁၉၉၁ ခု၊ မေလ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံ တမီနာဒူးပြည်နယ်၌ တမီလ် ကျားသူပုန်တို့၏ လက်ချက်ဖြင့် အသေခံဗုံးခွဲ သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။
ထိုအဖြစ်မျိုးသည် ကမ္ဘာ့နိုင်ငံရေးလောကတွင် အဖြစ်များလှပါသည်။ လူတယောက်ကို ပြည်သူက ထောက်ခံကြည်ညို လေးစားလာပြီဆိုလျှင် ဆန့်ကျင်ဘက်ဂိုဏ်းသားများက သွေးရိုးသားရိုး မယှဉ်ပြိုင်နိုင်တော့ ဘဲ အောက်လမ်းနည်းသုံးကာ သတ်ဖြတ်လုပ်ကြံကြစမြဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှ လူဖြူ လူမည်း ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင် မာတင်လူသာကင်း(ဂျူနီယာ)သည်လည်း ၁၉၆၈ခု၊ ဧပြီလ ၄ ရက်တွင် လုပ်ကြံခံခဲ့ရပါသည်။ တည်းခိုနေရာ ဟိုတယ်ဝရန်တာမှထွက်၍ လူထုအားစကားပြောနေစဉ် သေနတ်ပစ်ခံရ ကာ ကွယ်လွန်ခြင်းဖြစ်သည်။ ပါကစ္စတန်မှ ဘနာဇီယာဘူတိုသည်လည်း အတိုက်အခံခေါင်းဆောင်ဖြစ်ကာ ပါကစ္စတန်ရွေးကောက်ပွဲတွင် လူအုပ်ကြားထဲ၌ မဲဆွယ်နေစဉ် ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ သူနှင့် ဒေါ်အောင်ဆန်းစုကြည် တူညီသည်မှာ နှစ်ဦးလုံးအမျိုးသမီးများဖြစ်ခြင်း၊ အတိုက်အခံပါတီခေါင်း ဆောင်ဖြစ် ခြင်း။ လူထုထောက်ခံမှုအလွန်ရှိနေခြင်း၊ ရွေးကောက်ပွဲတွင် သူတို့အဖွဲ့အနိုင်ရရန် ရေပန်းစားနေခြင်း၊ လက်ရှိ အာဏာရနေသူများနှင့် ရင်ဆိုင်ရခြင်းတို့တွင် တူနေပါသည်။ ဘနာဇီယာဘူတိုသည် ၂၀၀၇ ခု၊ ဒီဇင်ဘာလ ၂၇ ရက်တွင် မဲဆွယ်စည်းရုံးရင်း ကွယ်လွန်ခဲ့ပါသည်။
ထိုသာဓကများကိုကြည့်၍ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စိုးရိမ်မိပါသည်။ သူမ၏ သတ္တိနှင့် စိတ်ဓာတ်ကိုလေးစားမိသော်လည်း ထိုသို့သောအပြုအမူကပင် လုပ်ကြံချင်သူများအတွက် အခွင့် အရေးတရပ်လိုဖြစ်နေနိုင်ပါသည်။ ဥပမာ NLD ၏ စည်းရုံးရေးခရီးစဉ်တခုတွင် ပရိသတ်လူအုပ်ထဲမှ လူတဦး ကမ်းပေးသော အအေးဘူးတဘူးကို ဒေါ်အောင်ဆန်းစုကြည်သည် အချိန်မဆိုင်းဘဲဖောက်ကာ မော့သောက်ပြခဲ့ ပါသည်။ သူရသတ္တိအရာ၊ စည်းရုံးရေးအမြင်၊ လူထုကို ယုံကြည်သည့်အရာနှင့် တိုင်းတာလျှင် အလွန်ချီးမွမ်း ဖွယ်ကောင်းသော အပြုအမူဖြစ်သော်လည်း လုံခြုံရေးရှုထောင့်မှကြည့်လျှင် အင်မတန် စိုးရိမ်ဖွယ် အနေအထား ဖြစ်သည်။ ဒေါ်စုကိုလုပ်ကြံချင်သော လူတယောက်လောက်က အအေးထဲတွင် အဆိပ်ခတ်ကာ ပရိသတ် ယောင်ဆောင်၍ပေးခဲ့သော် မခက်ပြီလော။ ပန်းစည်းကမ်းမည့်သူယောင်ဆောင်ကာ၊ ပန်းကုံးစွပ်မည့် လူယောင်ဆောင်ကာ အသေခံဗုံးဖောက်ခွဲခဲ့သော်၊ သို့မဟုတ် သေနတ်ဖြင့်ပစ်ခဲ့သော်၊ ဓားဖြင့်ထိုးခဲ့သော် မည်သို့လုပ်ကြမည်နည်း။ မိမိကိုချစ်သောသူ တပြည်လုံးတွင်ရှိသည်ဆိုသော်ငြားလည်း မုန်းတီးနေသော ဆန့်ကျင်ဘက်အစွန်းရောက်ဂိုဏ်းသားများ၏ အန္တရာယ် ကို လျှော့မတွက်သင့်ပေ။ ယခု ၂၀၁၅ ရွေးကောက်ပွဲသည် တရွေ့ရွေ့နီးကပ်၍ လာခဲ့ချေပြီ။ ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဂိုဏ်းသားများသည် မိမိတို့ အဖွဲ့ ရွေးကောက်ပွဲတွင် အခြေအနေမကောင်းနိုင်သည်ကို သိလာပြီး ဘာသာရေးကိုနိုင်ငံရေးမဲဆွယ်မှုများတွင် ထည့်သွင်းဆောင်ရွက်လာတာ တွေ့ရပေသည်။ အချို့အစွန်းရောက်ဘာသာရေးအဖွဲ့အစည်းမှ ခေါင်း ဆောင်များကို စည်းရုံးကာ တရားပွဲမရှောင်၊ ဘာသာရေးပွဲမရှောင် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း များကို ကြားညှပ်ဟောကြားနေကြတာလည်း တွေ့ရပေသည်။ ဥပမာ စက်တင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်တွင် ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေအောင်ပွဲအဖြစ် ကျင်းပ သည့် တရားပွဲတွင် MRTV-4 ဆရာတော်ဟုခေါ်ကြသည့် ဆရာတော်တပါးက တရားနှင့်မဆိုင်ဘဲ ကြားညှပ်၍ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နှင့် ထုတ်ပြန်ကြေညာချက်အတုတခုကို အစစ်သဖွယ် လူပုံအလယ်တွင် ဖတ်ကြားပြသွားပေသည်။ ထိုဆရာတော်သည် အကြားအမြင် ဗဟုသုတနည်းသဖြင့် ကြေညာချက်အတုကို အတုမှန်းမသိဘဲ အစစ်ထင်၍ ဖတ်ကြားခဲ့ခြင်းလား၊ သို့မဟုတ် ကြေညာချက်အတုကိုအတုမှန်းသိသိနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဂုဏ်သိက္ခာကျစေရန် တမင်တကာလီဆယ်ကြေညာခဲ့သလားဆိုတာ ကာယကံရှင်ပဲသိမည်ဖြစ်သည်။ မသိ၍လုပ်ခဲ့လျှင် ယခု သေသေချာချာသိသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုရော၊ တရားနာပရိသတ်ကိုရော တောင်းပန်သင့်ပေသည်။ သိသိကြီးနှင့်ဟော သည်ဆိုပါက မုသာဝါဒ ကံ ထိုက်နေလေသဖြင့် သန့်ရှင်းသောဗုဒ္ဓတရားတော်မှာ ထိုဆရာတော်ကြောင့် ညစ်ညူးဖွယ်ဖြစ်ရလေသည်။ ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ပြောသယောင်ပြု၍ မြန်မာပြည်တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) ကို လက်ခံမည်၊ ဖွင့်လှစ်ခွင့်ပေးမည်ဟု လိမ်ညာကြေညာချက်ထုတ်ရာ အမှန်ကိုမသိ သူများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာသာရေးနာကြည်းချက်များဖြစ်ပေါ် လာနိုင်သည်ဖြစ်ရာ ထိုအကျိုးဆက်မှာ မဟုတ်မမှန် ဖတ်ကြားပြခဲ့သော ပုဂ္ဂိုလ်တွင် အဓိကတာဝန်ရှိပေသည်။ ဗုဒ္ဓဘာသာတွင် မေတ္တာတရားကို လက်ကိုင်ထားသည်ဖြစ်ရာ အဖွဲ့နှစ်ဖွဲ့ မသင့်မတင့် မညီမညွတ် အထင်အမြင်မှား၍ ရန်သတ္တရုပြုကြရန်သွေးထိုးလှုံ့ဆော်မှုသည် စင်စစ်အကုသိုလ် အလုပ်ပင်ဖြစ်၍ သူတော်ကောင်းများ မလုပ် သင့်သောကိစ္စ ဖြစ်သည်။
မကြာမီရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ရာ ယခုပင်လျှင် ဟိုနေရာ သည်နေရာမှညစ်ကွက်များ၊ အကြမ်း ဖက်မှုများကို ဟိုတစ၊ သည်တစ မြင်လာရပြီဖြစ်သည်။ အကယ်၍ ယခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် NLD ပါတီ အုံနှင့်ကျင်းနှင့် ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါက အာဏာကို လက်လွတ်ဆုံးရှုံးရသောအဖွဲ့သည် ဆင်ကြံကြံ ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပေါ် မကောင်းကြံလာနိုင်ပါ၏။ သူတို့မကောင်းကြံမည့် နည်းမှာလည်း အမြင့်ဆုံးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားလာနိုင်ပါသည် ( ၂၀၀၃ ခုနှစ်က ဒီပဲယင်းတွင် တခါကြိုးစားခဲ့ပြီး ဖြစ်သည်)။ ရွေးကောက်ပွဲတွင် ၎င်းတို့ရှုံးပါက ကျားနာခဲခဲသလို နိုင်ငံရေး အောက်တန်းကျသည့်အကွက်များ ထွက်ပေါ်လာနိုင်ပါသည်။ NLD သည် ဒေါ်အောင်ဆန်းစုကြည်ကို အားထား နေရသော အဖွဲ့အစည်းဖြစ်ရာ ခေါင်းဆောင်ကို လုပ်ကြံလိုက်ပါက နောက်လိုက်အားလုံးကို နှိမ်နင်းပြီးသား ဖြစ်နိုင်သည်ဟု အချို့သော နိုင်ငံရေး၊ ဘာသာရေးအစွန်းရောက် အချို့က ယူဆပြီး ဆင်ကြံကြံလာနိုင်ပါသည်။ သူတို့ကြံမည်ဆိုလျှင် ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးနေစဉ်အတွင်းနှင့် ရွေးကောက်ပွဲအပြီးကာလ အောင်ပွဲခံဟောပြောနေစဉ်အတွင်း လုပ်ကြံနိုင်ပါသည်။ မလိုအပ်ဘဲ အကြောက်လွန်နေခြင်းမဟုတ်ဘဲ မြန်မာ့ ရာဇ၀င်၊ ကမ္ဘာ့ရာဇ၀င်ကို ပြန်လည်ထုတ်နုတ်ဆင်ခြင်တွေးတောကြည့်ခြင်းဖြစ်ပါသည်။ NLD လုံခြုံရေးအဖွဲ့ သည် ယခုထက်နှစ်ဆပို၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို လုပ်ဆောင်သင့်ပါသည်။ ဖြစ်လာကာမှ ဆောရီးပြော၍မဖြစ်ပါ။ လုံခြုံရေးအစီအမံများကို ဒေါ်အောင်ဆန်းစုကြည်နားထောင်လာအောင် ရှင်းလင်းတင်ပြ နိုင်ရပါမည်။ ပန်းကုံးစွပ်သူ၊ စားစရာကျွေးသူ မည့်သူတဦးတယောက်မှ ဒေါ်အောင်ဆန်းစုကြည်အနားသို့ ကပ်လာခွင့်မပြုသင့်တော့ပါ။ ဒီပဲယင်းတုန်းကလို ညဘက် တမြို့မှတမြို့ ခရီးကူးသန်းမသွားသင့်တော့ပါ။ တဖက်တွင်လည်း အတိုက်အခံခေါင်းဆောင်တယောက်၏ အသက်နှင့်လုံခြုံရေးသည် အာဏာရ အစိုးရ အဖွဲ့တွင်လည်း တာဝန်အပြည့်ရှိပါသည်။
မြန်မာနိုင်ငံတွင်နောက်ထပ် ဇူလိုင် ၁၉ ရက်လို နေ့တနေ့ မပေါ် စေချင်တော့ပါ။ မာတင်လူသာကင်းလို၊ အင်ဒီယာဂန္ဒီလို၊ ရာဂျစ်ဂန္ဒီလို၊ မဟတ္တမဂန္ဒီကြီးလို၊ အေဗရာ ဟမ်လင်ကွန်းလို၊ ဗိုလ်ချုပ်အောင်ဆန်းလို၊ ဘနာဇီယာဘူတိုတို့ လုပ်ကြံခံရသလို အဖြစ်အပျက်များ မြန်မာနိုင်ငံ သမိုင်းမှာ နောက်တကြိမ်ထပ်ဖြစ်ခွင့်တော့ မရှိစေချင်တော့ပါကြောင်း စေတနာကောင်းဖြင့် အသိပေး လိုက်ရပါသည်။
သရ၀ဏ်(ပြည်)
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment