Thursday, September 24, 2015

ပန်ဝါမှာ NLD အပါအဝင် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး မပြုလုပ်ဖို့ ပြည်သူ့စစ်အဖွဲ့ တားမြစ်တယ်လို့ဆို -------------------------

ပန်ဝါမှာ NLD အပါအဝင် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး မပြုလုပ်ဖို့ ပြည်သူ့စစ်အဖွဲ့ တားမြစ်တယ်လို့ဆို
---------------------------------------

ကချင်ပြည်နယ် မြောက်ပိုင်း ပန်ဝါဒေသမှာ NLD အပါအဝင် နိုင်ငံရေးပါတီတွေမှ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ဖို့ ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က တားမြစ်ထားတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှ သိရပါတယ်။

ကချင်ပြည်နယ် အထူးဒေသ (၁) အဖြစ်သတ်မှတ်ထားတဲ့ ပန်ဝါဒေသ အတွင်းမှ ပြည်သူစစ်တွေ လှုပ်ရှားရာနယ်မြေ ဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ် တွေကို မပြုလုပ်ဖို့ တားမြစ်ထားတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထားတယ်လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ဆိုပါတယ်။

“ချီဖွေမြို့နယ်က ကော်မရှင်အဖွဲ့ခွဲက အကြောင်းကြားထားတယ်။ အဲ့ဒီဒေသမှာ မဲဆွယ်စည်းရုံးမှု လုပ်လို့မရဘူးလို့ ပြည်သူ့စစ်အဖွဲ့က တားမြစ်တယ် ဆိုတာကိုပေါ့နော်။ ဒါပေမဲ့ အဲ့ဒီပြည်သူ့စစ် ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မှာ ဖြစ်နေတယ်။ ဆိုတော့ ဒီကိစ္စတွေကို ကော်မရှင်ကြီးကို ကျွန်တော်တို့က တင်ပြထားပါတယ်” လို့ သူက ပြောပါတယ်။

အဲ့ဒီပြည်သူစစ်ခေါင်းဆောင် ဦးစခုန့်တိန့်ယိန်းဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေး မပြုလုပ်ဖို့ တားမြစ် ထုတ်ပြန်ချက်မှာ ပန်ဝါဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပြည့်အဝ ရရှိစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၊ လုံခြုံရေးအာမခံ ကတိကဝတ်တွေ ရရှိဖို့ ဖော်ဆောင်နေဆဲ ကာလ ဖြစ်တာကြောင့် မဲဆွယ်စည်းရုံးမှု လုပ်ငန်းတွေ မပြုလုပ်ဖို့ ပါရှိတယ်လို့ နိုင်ငံရေးပါတီတွေထံမှ သိရပါတယ်။

အဲ့ဒီလို ပြည်သူစစ်အဖွဲ့က တားမြစ်ထားတာကြောင့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေးမှာ အနှောင့်အယှက် ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရရှိသင့်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ဆိုပါတယ်။

“ဒါက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပဲ။ ကျွန်တော်တို့ပါတီက ကန့်ကွက်တယ်။ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိ ဖို့ဆိုရင် ဒီလို တားမြစ်တာတွေ မလုပ်သင့်ပါဘူး။ ကော်မရှင်ကိုလည်း တင်ပြအကြောင်းကြားဖို့ လုပ်နေပါတယ်” လို့ သူက ဆိုပါတယ်။

သြဂုတ်လ အတွင်းကလည်း အဲ့ဒီဒေသမှာ နိုင်ငံရေးပါတီတွေ အနေနဲ့ ဆိုင်းဘုတ် စိုက်ထူတာတွေ မလုပ်ဖို့ ပြည်သူ့စစ်အဖွဲ့က တားမြစ်ခဲ့ဖူးပြီး ယခု မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်တာဟာ ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယအတွင်းရေးမှူး ဦးဒေးဝိက ထောက်ပြ ပြောဆိုပါတယ်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: