Monday, September 21, 2015

ရွေးကောက်ပွဲ ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၄ သောင်းခန့် ခန့်အပ်ဖို့ရှိ

မြေထဲပင်လယ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ဒုက္ခရောက်နေသည့် ရွှေ့ပြောင်းဒုက္ခသည် ၄၅၀၀ ကို အီတလီ ကယ်ဆယ်
---------------------------------

ထရီပိုလီ၊ စက်တင်ဘာ ၂၀

ပင်လယ်ပြင် ရာသီဥတု ဆိုးဝါးမှုကြောင့် လူအပြည့်အသိပ် လှေများဖြင့် ဥရောပသို့ တက်သုတ်ရိုက် ထွက်ခွာလာသော ရွှေ့ပြောင်းဒုက္ခသည် ၄၅၀၀ ခန့်ကို စနေနေ့က လစ်ဗျားကမ်းခြေတွင် ကယ်ဆယ်ခဲ့သည်ဟု အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် ကယ်ဆယ်မှု အကြိမ် ၂၀ ကို ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း၊ နယ်စည်းမထား ဆရာဝန်များအဖွဲ့နှင့်အတူ ဂရိကယ်ဆယ်ရေးသမားများနှင့် ဂျာမနီ၊ ခရိုအေးရှား၊ ဗြိတိန်တို့မှ သင်္ဘောများလည်း ပါဝင်ကြောင်း၊ ဒုက္ခသည်များမှာ အီရီထရီးယား၊ နိုင်ဂျီးရီးယား၊ ဆိုမာလီ၊ လစ်ဗျား၊ ဆီးရီးယားနှင့် အနောက်အာဖရိကတို့မှဖြစ်ပြီး အမျိုးသမီးအလောင်း တစ်လောင်း တွေ့ရှိရကြောင်း ကြေညာချက်တွင် ပါရှိသည်။

သီတင်းတစ်ပတ်ခန့် ရာသီဥတု ဆိုးဝါးခဲ့ခြင်းကြောင့် ဒုက္ခသည်စီးဝင်မှု နှေးသွားခြင်း၊ ဥရောပခေါင်းဆောင်များက ဒုတိယကမ္ဘာစစ်အပြီး အကြီးမားဆုံး လူသားချင်းစာနာရေး လှုပ်ရှားမှုအဖြစ် ကိုင်တွယ်နေခြင်းတို့ကြောင့် စနေနေ့က စုပြုံစီးဝင်လာခြင်း ဖြစ်သည်။

ထို့အပြင် ဟန်ဂေရီ အာဏာပိုင်များက ဗျူဟာပြောင်းကာ အရေအတွက် ထောင်ချီသော ဒုက္ခသည်များကို သြစတြီးယားနယ်စပ်သို့ သောကြာနေ့က ပို့ဆောင်ခဲ့သောကြောင့် စနေနေ့က သြစတြီးယားတွင် ၁၀,၀၀၀ ကျော် စုပုံသွားသည်ဟု ဆိုသည်။

သြစတြီးယားမှ နယ်မြေခံ ရဲမှူးကြီး မန်းဖရက်ချန့်က “တခြားနယ်စပ်တွေမှာ လူတွေအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံနေတဲ့ အခြေအနေတွေကို မြင်နေရပါတယ်။ ကျွန်တော်တို့ သြစတြီးယား ရဲတွေကတော့ ကိုင်တွယ်ပုံ ကွဲပြားပါတယ်။ သူတို့ စိတ်ပေါ့ပါးသွားအောင် ကျွန်တော်တို့ ကြိုးစားပါတယ်။ စိတ်ချလက်ချရှိမယ့် အခြေအနေကို ဖန်တီးပေးတယ်။ အခုထိတော့ အောင်မြင်နေတုန်းပဲ။ တခြားတိုင်းပြည်တွေထက် သြစတြီးယားမှာ ပိုပြီးလုံခြုံတယ်လို့ သူတို့ခံစားရပါတယ်။ ဒါက ကျွန်တော်တို့ အတွက်ရော၊ သူတို့အတွက်ပါ ကောင်းတဲ့အချက်ပါ” ဟု ပြောကြားသည်။

ဥရောပတွင် လုံခြုံငြိမ်းချမ်းမှုကို ရှာရန် ဘော်လ်ကန်နိုင်ငံများကို ခြေလျှင်ဖြတ်လာသည့် ဆီးရီးယား ဒုက္ခသည် အရေအတွက်မှာ လျော့ပါးသွားခြင်းမရှိဟု စောင့်ကြည့်သူများက ဆိုသည်။ အီးယူ ကျယ်ပြန့်ရေး ကော်မရှင်နာမင်းကြီး ဂျိုဟန်နက်စ်ဟန်းက “ဘော်လ်ကန် နိုင်ငံများသည် ၎င်းပြဿနာကို ကိုင်တွယ်နိုင်ရန် အရေးပေါ်အကူအညီ လိုနေကြောင်း၊ ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်များ ၎င်းတို့နှင့် အနီးတစ်ဝိုက် တိုင်းပြည်များတွင် နေအောင် ဆွဲဆောင်ရန်အတွက် တူရကီသို့ ဒေါ်လာ ၁.၁ ဘီလီယံ အကူအညီပေးရန် အဆိုပြုထားကြောင်း” ရှင်းလင်းပြောကြားသည်။

စနေနေ့က ဂျော်ဒန်နိုင်ငံ ဇာတာရီ ဒုက္ခသည်စခန်းသို့ သွားရောက်၍ ဂျော်ဒန်နိုင်ငံနှင့် ပြည်သူများ၏ ကရုဏာနှင့် အကူအညီကို ဂုဏ်ပြုပြောကြားခဲ့သူ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ မဟာမင်းကြီး စတီဖင်အိုဘရိုင်ယန်ကလည်း “လောလောဆယ် ဥရောပသို့ သွားလိုသူ အရေအတွက် အလွန်များလာကြောင်း၊ သို့သော် အမှန်တကယ် ကူညီမှုသည် ဥရောပတွင် နေလိုခြင်းနှင့် ဆီးရီးယား အနီးတစ်ဝိုက်တွင် နေလိုခြင်းတို့အပေါ် မူတည်ကာ ကွဲပြားသွားမှာ ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားသည်။

လေးနှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ် ကာလအတွင်း လူပေါင်းလေးသန်းခန့် စွန့်ခွာထွက်ပြေးသွားခဲ့ရာ ထက်ဝက်ခန့်မှာ တူရကီတွင်၊ တစ်သန်းကျော်မှာ လက်ဘနွန်တွင်၊ ၆၃၀,၀၀၀ ခန့်မှာ ဂျော်ဒန်တွင် အသီးသီး ခိုလှုံနေထိုင်လျက်ရှိပြီး လေးသိန်းကျော်မှာ ယခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာခဲ့ကြရာ လမ်းခရီးတွင် အရေအတွက် ထောင်နှင့်ချီ၍ သေဆုံးခဲ့ကြရသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: