Monday, September 21, 2015

"Eleven Media သည် လုပ်ငန်းတူ မီဒီယာအချင်းချင်းအပေါ် ချောက်တွန်းသည့် မီဒီယာဖြစ်ပါသည်။" ~ 7day

"Eleven Media သည် လုပ်ငန်းတူ မီဒီယာအချင်းချင်းအပေါ် ချောက်တွန်းသည့် မီဒီယာဖြစ်ပါသည်။" ~ 7day
=====================================

စက်တင်ဘာ ၂၀ ရက်ထုတ် Daily Eleven သတင်းစာတွင် ‘‘တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ ဆောင်းပါးရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ’’ခေါင်းစဉ်ဖြင့် ဆောင်းပါးရှင် နေထွန်းနိုင်ရေးသားသော အတွေးအမြင်(Opinion) ဆောင်းပါးမှ 7Day အပေါ် စွပ်စွဲချက်အချို့ကို ပြန်လည်ရှင်းလင်းလိုပါသည်။ ဆောင်းပါးရှင် နေထွန်းနိုင်က စက်တင်ဘာ ၁၆ ရက်ထုတ် 7Day News ဂျာနယ်တွင်ဖော်ပြခဲ့သော ‘‘တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ’’ခေါင်းစဉ်ဖြင့် အောင်ထက်ပိုင်ရေးသားသည့် သတင်းသုံးသပ်(News Analysis) ဆောင်းပါးသည် တပ်တွင်း စည်းလုံးမှုပြိုကွဲစေလို၍လား၊ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးအကဲခတ်များ၏ သုံးသပ်ချက်အမှားဖြစ်အောင် သတင်းအချက်အလက် အမှားပေးခြင်းလား မေးခွန်းထုတ်ရန်ရှိသည်ဟု ဆိုထားပြီး တပ်မတော်ကို သွေးတိုးစမ်းလိုက်ခြင်းဖြစ်နိုင်ပါသည်ဟု စွပ် စွဲသုံးသပ်ထားပါသည်။

အမှန်တွင် ‘‘တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ’’ သတင်းသုံး သပ်ဆောင်းပါးသည် ဖြစ်ပေါ်ခဲ့သော သတင်းများအပေါ် အခြေခံ၍ သုံး သပ်ရေးသားထားသော ဆောင်းပါးသာဖြစ်ပါသည်။ ဆောင်းပါးပါ အကြောင်းအရာအပေါ် သဘောတူခြင်း၊ မတူခြင်း၊ ကြိုက်ခြင်း၊ မကြိုက် ခြင်း လွတ်လပ်စွာသဘောကွဲလွဲနိုင်ပါသည်။

သို့ရာတွင် Eleven Media က ရေးသားသည့် တပ်မတော်အပေါ် သွေးတိုးစမ်းလိုက်ခြင်းဖြစ်နိုင်ပါသည်ဟူသော စွပ်စွဲချက်မှာ လုပ်ငန်းတူ မီဒီယာအချင်းချင်းအပေါ် ချောက်တွန်းမှုဖြစ်ပါသည်။

အဆိုပါစွပ်စွဲချက်ကို 7Day က လုံးဝပယ်ချပါသည်။ ‘‘တပ်ချုပ်အသစ် ဘယ်သူဖြစ်လာမလဲ’’ဆောင်းပါးသည် သတင်းသုံးသပ်ဆောင်းပါးတို့၏စံအတိုင်း သတင်းများအပေါ်အခြေခံ၍ ရှုထောင့်တစ်ခုကိုစာဖတ်ပရိသတ်များသို့ တင်ပြခြင်းသာဖြစ်ပါသည်။ မည်သို့မျှ နိုင်ငံရေး ရည်ရွယ်ချက်မရှိကြောင်း သိစေအပ်ပါသည်။

ထို့အပြင် ဆောင်းပါးရှင် နေထွန်းနိုင်က 7Day နှင့် ကလောင်ရှင် အောင်ထက်ပိုင်တို့၏ အာဘော်မှာ သမ္မတရုံးနှင့် နီးစပ်သူအချို့၊ MPC မှ Elements အချို့ (သို့မဟုတ်) နီးစပ်သူများ၏ အာဘော်မှလာခြင်းဖြစ် နိုင်သည်ဟု စွပ်စွဲထားသည်။ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုပါသည်။ ဆောင်းပါးရှင် အောင်ထက်ပိုင်က ယခုလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော သတင်းများကို အခြေခံ၍ တပ်မတော်အရေး လေ့လာသူများကို မေး မြန်းစုစည်းကာ သုံးသပ်တင်ပြထားသည့် ဆောင်းပါးသာဖြစ်ပါသည်။

7Day အနေဖြင့် သတင်းရင်းမြစ်အားလုံးနှင့် အပြန်အလှန် လေးစားမှုရှိပြီး ကောင်းမွန်သော ဆက်ဆံရေးရှိမှုအပေါ် တန်ဖိုးထားပါ သည်။ သို့သော် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်၏ အာဘော် ကိုမျှ လွှမ်းမိုးမခံသော၊ အမှီအခိုကင်းပြီး လွတ်လပ်မျှတသောသတင်းမီဒီယာဖြစ်ပါသည်။ ထိုအချက်ကို (၁၃)နှစ်ကျော်သက်တမ်းရှိ 7Day Newsဂျာနယ် နှင့် ၂ နှစ်ကျော် သက်တမ်းရှိ 7Day Daily သတင်းစာတို့၏ ဖြတ်သန်းမှု နှင့် သတင်းဖော်ပြမှုများကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။

7Day တွင် ဖော်ပြသမျှ သတင်းများ၊ ဆောင်းပါးများ၊ အင်တာဗျူးများ စသည့် ဖော်ပြမှုအကြောင်းအရာတိုင်းကို သတင်းစာကျင့်ဝတ်နှင့် အညီ ရေးသားလုပ်ကိုင်နေခြင်းဖြစ်ပြီး ဖော်ပြမှုများမှ အားနည်းချက်များ၊ သဘောမတူညီမှုများ စသည်တို့ကို လွတ်လပ်စွာဝေဖန်ထောက်ပြနိုင်ပါသည်။ အမြဲကြိုဆိုနေပါသည်။ သို့သော် စာဖတ်ပရိသတ်များ အထင် အမြင်လွဲမှားစေနိုင်သော အရေးအသားမျိုးဖြင့် လိုရာဆွဲ၍ရေးသားကာ ချောက်တွန်းခြင်းကိုမူ 7Day က ကန့်ကွက်ပါသည်။

7Day ၏ ရပ်တည်ချက်နှင့်မူဝါဒကို နေ့စဉ်နှင့်အပတ်စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်စာမျက်နှာများ၊ ဒစ်ဂျစ်တယ် မီဒီယာများပေါ်မှ တစ်ဆင့်စာဖတ်ပရိသတ်များ လွယ်ကူစွာအကဲဖြတ်နိုင်ပါသည်။

7day



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: