Tuesday, August 18, 2015

လူထက် ပါတီကို အထူးပြုမဲဆွယ်ရန် NLD ဗဟို တိုက်တွန်း

လူထက် ပါတီကို အထူးပြုမဲဆွယ်ရန် NLD ဗဟို တိုက်တွန်း Monday, August 17, 2015 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ကိုယ်စားလှယ်လောင်းများသည် ပုဂ္ဂိုလ်တစ်ဦးချင်းစီထက် ပါတီ၏ အမည်နှင့် တံဆိပ်အမှတ်အသားကို အထူးပြုပြီး မဲဆွယ်ရန် NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လူပုဂ္ဂိုလ်ထက် ပါတီအတွက် စည်းရုံးရန် သြဂုတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ညွန်ကြားချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ် တစ်ခုချင်းစီအတွက် တစ်စုတစ်ဝေး စုပေါင်းမဲဆွယ်ရမည့်အပြင် ပုဂ္ဂိုလ်တစ်ဦးစီအတွက် မဲဆွယ်စည်ရုံးခြင်းထက် NLD ပါတီ၏ တံဆိပ်အမှတ်အသားကို အထူးပြုမဲဆွယ်ရန် ဖြစ်ကြောင်း အောင်နိုင်ရေးအဖွဲ့၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ “ပြောချင်တာကဗျာ ဒီကိုယ်စားလှယ်လောင်းတွေက မိမိပါတီ ဘာလဲဆိုတာနဲ့ ပြည်သူကို ချပြစည်းရုံးစေချင်တဲ့ သဘောပေါ့” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ဆိုသည်။ ထို့အပြင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် အသီးသီးတွင် မြို့နယ်အောင်နိုင်ရေးအဖွဲ့၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့တို့၏ ပံ့ပိုးမှုများဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သော်လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနှင့် ပတ်သက်ပြီး NLD ပါတီတွင်း အောက်ခြေ မြို့နယ်အဆင့် ပါတီဝင်များက ကန့်ကွက်မှုများ၊ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။ ယင်နောက် ထုတ်ပြန်ထားသော ကိုယ်စားလှယ်လောင်း စာရင်းတွင် ၆၇ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၁၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၂၄ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ၂၉ ဦး ယှဉ်ပြိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ အမည်စာရင်း တင်သွင်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၄ နေရာတွင် ၄၃ နေရာဖြင့် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့သည်။ The Voice Weekly

No comments: