Tuesday, August 18, 2015

ပယ်မဲမဖြစ်ရေး ( ဆောင်းပါး )

ပယ်မဲမဖြစ်ရေး ( ဆောင်းပါး ) ▄▄▄▄▄▄▄▄ တက္ကသိုလ်ဆရာတစ်ဦး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးရန် အရေးကြီး သကဲ့သို့ မိမိပေးလိုက်သော မဲများ သည်လည်း ပယ်မဲမဖြစ်စေရန် ပို၍ ပင် အရေးကြီးပါသည်။ ပထမဦးဆုံး အရေးကြီးသည့်အချက် မှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင် ရေးအတွက် မဲစာရင်းတွင် မိမိတို့၏ အမည် ပါရှိရမည်ဖြစ်ပါသည်။ မဲစာရင်း တွင် အမည်မပါရှိသူများအနေဖြင့် မည်သည့်နည်းနှင့်မျှ မဲပေးပိုင်ခွင့် ရရှိ မည် မဟုတ်ပါ။ ထို့ကြောင့် လာမည့် စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာမည့် မဲစာရင်းတွင် မိမိတို့အမည် ပါ/မပါ ကြည့်ရှုပြီး အကယ်၍ မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် လျှောက်ထား ရန် ဖြစ်ပါသည်။ မိမိအမည်ပါသော် လည်း ကိုယ်ရေးအချက်အလက်များ မှားယွင်းနေ ပါက ပြင်ဆင်ပေးရန် အတွက် ပုံစံ(၄-ဂ) နှင့်လျှောက်ထား ရန်လိုပါသည်။ ထိုအချိန်တွင် မဲစာရင်း များကို စတင်ကြေညာသည့် နေ့မှစ၍ ၁၄ ရက် အတွင်း၌သာ လျှောက်ထား ခွင့်ရှိပြီး နောက်ဆုံး အကြိမ် ကြေညာ ပေးခြင်းဖြစ်သောကြောင့် မဲစာရင်း များကို မဖြစ်မနေ သွားရောက် ကြည့်ရှုကြရမည် ဖြစ်ပါသည်။ မဲစာရင်းတွင်ပါဝင်ပြီး မဲပေးခွင့်ရရှိ သော်လည်း မိမိဆန္ဒပြုလိုက်သည့် မဲလက်မှတ်သည် ခိုင်လုံမဲဖြစ်ရန် အလွန် အရေးကြီးပါသည်။ မိမိဆန္ဒ ပြုလိုက်သော မဲလက်မှတ်သည် အကယ်၍ ပယ်မဲဖြစ်သွားမည် ဆိုပါက တန်ဖိုးမဲ့သည့်မဲဖြစ်သွားပြီး မိမိ၏ကြိုးပမ်းအားထုတ်မှုများသည် အချည်းနှီး ဖြစ်သွားသည်သာမက နိုင်ငံတော် အတွက်လည်း ဆုံးရှုံးမှု တစ်ခုဖြစ်ပါ မည်။ မဲဆန္ဒရှင် အများအပြား လာရောက် မဲပေးကြသော်လည်း ပယ်မဲများ များပြားသွားမည်ဆိုပါက မဲဆန္ဒရှင်အနည်းစု၏ ဆန္ဒကို သာ ဖော်ပြသကဲ့သို့ ဖြစ်သွားမည်ဖြစ်သဖြင့် ရွေးကောက်ပွဲအတွက် နိုင်ငံတော်မှ ရင်းနှီးခဲ့ရသော အချိန်၊ ငွေနှင့် လူအရင်းအမြစ်များ အလဟဿ ဖြစ်သွားပါမည်။ ထို့ကြောင့် မဲဆန္ဒရှင်တိုင်း မိမိတို့ ဆန္ဒပြုလိုက် သောမဲသည် ခိုင်လုံမဲ ကျိန်းသေပေါက် ဖြစ်ရန် အလွန်အရေးကြီးပါသည်။ ယခုလာမည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌ ယခင်က ကျင်းပပြီးစီး ခဲ့သော ၁၉၉ဝ အထွေထွေရွေးကောက် ပွဲ၊ ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင် ကျင့်သုံးခဲ့သော ဘောပင်ဖြင့် အမှန်ခြစ် ခြစ်၍ ဆန္ဒပြုသည့် နည်း အစား တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုသော နည်းကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ပါ သည်။ ယခင်က ကျင့်သုံးခဲ့သော ဘောပင်ဖြင့် ဆန္ဒပြုရာတွင် စာရေး သားလေ့ မရှိသော တောသူတောင် သားများနှင့် အခြေခံလူတန်းစားများ အတွက် အခက်အခဲဖြစ်ခြင်း၊ ဘောပင်နှင့် မဲလက်မှတ်စာရွက်၏ အရည် အသွေးကြောင့် တစ်ခါတစ်ရံ အမှန်ခြစ် ခြစ်ရာတွင် ထင်ရှားမှုမရှိ သဖြင့် ပယ်မဲများ များပြားရသည်ကို တွေ့ကြုံခဲ့ရပါသည်။ ထို့ကြောင့် တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ရိုမေးနီးယား၊ တူရကီ ... စသည့် နိုင်ငံများတွင် ကျင့်သုံးသည့် တံဆိပ်တုံးနှင့် ဆန္ဒပြု ခြင်းကို ပြောင်းလဲကျင့်သုံးရန် စီစဉ် ခြင်းဖြစ်ပါသည်။ မဲဆန္ဒရှင်များသည် မဲလက်မှတ် နမူနာ(၁)တွင် ပြထားသည့်အတိုင်း မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ် လောင်း၏ အမည်နှင့် အမှတ်တံဆိပ် ၏ ညာဘက်တွင်ရှိသော လေးထောင့် အကွက်၌ တံဆိပ်တုံးကိုနှိပ်၍ ဆန္ဒပြု ရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များ အနေဖြင့် ဖော်ပြပါအကွက်အတွင်း၌ တံဆိပ်ကို လွယ်ကူစွာနှိပ်နိုင်ရန်အတွက် တံဆိပ်တုံး၏ အရွယ်အစားကို အဆိုပါအကွက်၏ အရွယ်အစားထက် အတန်ငယ် သေး၍ထားပါသည်။ (အကွက်၏အရွယ်အစားမှာ ၁ လက်မ ပတ်လည် - ၁ လက်မ x ၁ လက်မ ရှိပြီး တံဆိပ်၏ အရွယ်အစားမှာ ‡ လက်မ x ‡ လက်မသာရှိသဖြင့် အကွက်အတွင်းသို့ တံဆိပ်တစ်ခုလုံး လွတ်လွတ်ကင်းကင်း ရောက်ရှိအောင် လွယ်ကူစွာနှိပ်နိုင်ပါသည်။) အကယ်၍ မိမိနှိပ်လိုက်သော တံဆိပ်သည် မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ်လောင်း၏ အကွက် အတွင်းသို့ တစ်ခုလုံး မကျရောက်ဘဲ အကွက်၏အပေါ်သို့ဖြစ်စေ (နမူနာ- ၂ )၊ အကွက်၏ဘေးသို့ဖြစ်စေ (နမူနာ -၃)၊ အကွက်၏ အောက်ဘက်သို့ ဖြစ်စေ (နမူနာ-၄) တစ်စိတ်တစ်ဒေသ ကျရောက် သွားလျှင်လည်း ပယ်မဲ ဖြစ်မသွားပါ။ ခိုင်လုံမဲအဖြစ် သတ်မှတ် ပေးမည် ဖြစ်ပါသည်။ ထို့ပြင် မဲ လက်မှတ်နမူနာ(၅) တွင် ပြထားသည့် အတိုင်း အမှန်ခြစ်ဇောက်ထိုးဖြစ် သွားလျှင်လည်း ပယ်မဲအဖြစ် မသတ် မှတ်ဘဲ ခိုင်လုံမဲအဖြစ် သတ်မှတ်ပေး မည်ဖြစ်ပါသည်။ တံဆိပ်တုံးကို အတည့် နှိပ်နိုင်စေရန် အမှန်အမှတ် အသားဖြင့် ပြပေးထား ပါသည်။ ထိုမျှ မက မိမိဆန္ဒပြုလိုသော ကိုယ်စား လှယ်လောင်း၏ ညာဘက်အကွက် တွင် တံဆိပ်မနှိပ်မိဘဲ နမူနာ(၆)နှင့် (၇)တို့တွင် ပြထားသည့် အတိုင်း ကိုယ်စားလှယ်လောင်း၏ အမည်၌ ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း၏ အမှတ်အသား၌ဖြစ်စေ တံဆိပ်နှိပ် ထားလျှင်လည်း ခိုင်လုံမဲအဖြစ် သတ်မှတ်ပေးမည် ဖြစ်ပါသည်။ ထို့ပြင် မဲလက်မှတ် နမူနာ(၈)တွင် ပြထားသည့်အတိုင်း ကိုယ်စားလှယ် လောင်း ဦးပန်းသီး၏ အကွက်တွင် တံဆိပ်နှိပ်ရာ၌ တံဆိပ်သည် ဒေါ်ဖရဲသီး၏ အကွက်အတွင်းသို့ အနည်းငယ်ရောက်ရှိသွားလျှင်လည်း တံဆိပ်၏ ဧရိယာအများစုသည် ဦးပန်းသီး ၏ အကွက်အတွင်း၌သာ ရှိနေသဖြင့် ဦးပန်းသီးအား ဆန္ဒပြု ထားသော ခိုင်လုံမဲ အဖြစ် လက်ခံ မည်ဖြစ်ပါသည်။ မဲဆန္ဒရှင်တိုင်းသည် မဲလက်မှတ် နမူနာ(၁)တွင် ပြထား သည့်အတိုင်း အမှန်ခြစ်တံဆိပ်ကို မိမိဆန္ဒပြုလိုသော ကိုယ်စားလှယ် လောင်း၏ အမည်နှင့် တံဆိပ်တုံး၏ညာဘက်ရှိ အကွက်တွင် လုံးဝဝင် နေအောင် နှိပ်လိုက်ခြင်း သည်သာ အကောင်းဆုံးဖြစ်ပါသည်။ ကျန် ခိုင်လုံမဲနမူနာများကိုပြသထားခြင်း မှာ ဗဟုသုတအဖြစ် သိရှိနိုင်ရန် ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် ခိုင်လုံမဲ နမူနာများကို သိရှိထားသည့်နည်းတူ ပယ်မဲနမူနာများကိုလည်း သိရှိထား သင့်ပါသည်။ နမူနာ(၉)နှင့် (၁ဝ)တို့ တွင် ပြသထားသကဲ့သို့ တံဆိပ်ကို ကိုယ်စားလှယ်လောင်း နှစ်ဦး၏ကြား တွင် တစ်ဝက်စီနှိပ်မိပါက မည်သူ့ အား ဆန္ဒပြုထားသည်ကို ဆုံးဖြတ် ရန်ခက် သဖြင့် ယင်းမဲမျိုးကို မဲရုံမှူးက ပယ်မဲအဖြစ် သတ်မှတ်မည်ဖြစ်ပါ သည်။ တံဆိပ်၏ဧရိယာသည် မည် သည့်ကိုယ်စားလှယ်၏ အကွက်တွင် ပို၍ရောက်ရှိနေကြောင်း သိသာထင် ရှားစေရန်အတွက် တံဆိပ်တုံး၌ အကွက်ငယ်ကိုးခုကို သေချာစွာထည့် သွင်းထားခြင်း ဖြစ်ပါသည်။ နမူနာ (၁၁)တွင် ကိုယ်စားလှယ်လောင်း သုံးဦး၏ အကွက်များ၏ပြင်ပတွင် လုံးဝရောက်ရှိနေခြင်းကြောင့် ပယ်မဲ ဖြစ်သွားခြင်းဖြစ်ပါသည်။ နမူနာ(၁၂)တွင် တံဆိပ်ကိုနှစ်ကြိမ်နှိပ်ထားသော ကြောင့် ပယ်မဲဖြစ်သွားခြင်းဖြစ်ပါ သည်။ အထူးအရေးကြီးသည့် အချက် မှာ မဲဆန္ဒရှင်များက ပထမအကြိမ် တံဆိပ်နှိပ်လိုက်သည့်အခါ မထင် မရှား (မှိန်) ဖြစ်နေလျှင်သော် လည်း ကောင်း၊ မိမိဆန္ဒပြုလိုသောသူ၏ အကွက်အတွင်းသို့ တံဆိပ်တစ်ခုလုံး မကျရောက်ခဲ့လျှင် သော်လည်း ကောင်း တံဆိပ်ကို နောက်တစ်ကြိမ် ထပ်၍ မနှိပ်မိစေရန် အထူးသတိထား ရမည်ဖြစ်ပါသည်။ မဲလက်မှတ်၏မည် သည့်နေရာ၌ပင်ဖြစ်စေ တံဆိပ်ကို တစ်ကြိမ်ထက်ပို၍ နှိပ်ထားသည့်မဲ လက်မှတ်အားလုံးသည် ပယ်မဲများ ဖြစ်ပါသည်။ နမူနာ(၁၃)သည် လုံးဝတံဆိပ် နှိပ်မထားသော မဲလက်မှတ် တစ်နည်း အားဖြင့် လုံးဝဆန္ဒပြုမထားသော မဲလက်မှတ်ဖြစ်သောကြောင့် မည်သူ့ အား ဆန္ဒပြုထား သည်ကို မသိရှိနိုင် သဖြင့် ပယ်မဲဖြစ်ပါသည်။ မဲလက်မှတ် နမူနာ(၁၄)သည် မဲရုံမှူး၏ လက်မှတ် မပါသော မဲလက်မှတ်ဖြစ်သဖြင့် ပယ်မဲဖြစ်ပါသည်။ နမူနာ(၁၅)သည် အစွန်းအထင်းပါနေသော မဲလက်မှတ် ဖြစ်သဖြင့် ပယ်မဲဖြစ်ပါသည်။ ထို့ ကြောင့် မဲဆန္ဒရှင်များသည် မဲလက်မှတ် များကို ထုတ်ယူသည့်အခါ မဲရုံမှူး ၏ လက်မှတ်ပါ/မပါနှင့် အစုတ်အပြဲ အစွန်းအထင်းများ ပါ/မပါ သေချာစွာကြည့်ရှုရန် လိုအပ်ပါသည်။ အကယ်၍ ဖော်ပြပါအချက်များနှင့် ငြိစွန်းနေပါက မဲရုံမှူးအား မဲလက်မှတ် အသစ်လဲပေးရန် တောင်းဆိုရမည် ဖြစ်ပါသည်။ သို့ရာတွင် မဲလက်မှတ် (အကောင်း )သည် မိမိ၏လက်ဝယ် ရောက်ရှိပြီးမှ တစ်စုံတစ်ခုကြောင့် အစုတ်အပြဲ/ အစွန်းအထင်း ဖြစ်သွားမည်ဆိုပါက မဲလက်မှတ် အသစ်လဲပေး ရန် တောင်းဆိုခွင့်မရှိ ပါ။ မဲရုံမှူးကလည်း မဲလက်မှတ်အသစ် လဲပေးမည် မဟုတ်ပါ။ ဆန္ဒပြုရမည့် တံဆိပ်တုံးကြောင့် မဲလက်မှတ်တွင် မင်မစွန်းထင်းစေရန်အတွက် မင်ခံ ခွက် (inkpad)နှင့်နှိပ်ရသည့် တံဆိပ် တုံးအစား မင်အမြန်ခြောက်လွယ် သော လေဆာတံဆိပ်တုံးနှင့် ဆန္ဒပြု နိုင်ရန် စီစဉ်ထားရှိပါသည်။ ယင်း လေဆာတံဆိပ်တုံးသည် အကြိမ်ပေါင်း ၅ဝဝဝ အထိ နှိပ်နိုင် ပါသည်။ ထို့ပြင် နမူနာ(၁၆)တွင် ပြထား သကဲ့သို့ တစ်စုံတစ်ဦး သိရှိစေရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့် ဖြစ်စေ မဲလက်မှတ်ပေါ်၌ အမှတ်အသား တစ်ခုခု (ယခုနမူနာတွင် မဲလက် မှတ်အောက်ခြေ-ဘယ်ဘက်ထောင့် ၌ ပြထားသောကြယ်) ပြုလိုက်ပါ က၄င်းမဲသည် ပယ်မဲဖြစ်သွားမည် ဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသော ခိုင်လုံမဲနမူနာများနှင့် ပယ်မဲနမူနာ များကို မဲဆန္ဒရှင်များအနေဖြင့် သိရှိထားရန်သာလိုအပ်သော်လည်း ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံး မှူးများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် မဲရုံအကူကိုယ်စား လှယ်များအနေဖြင့်မူ ဂဃနဏ သိရှိနားလည်ထားရန် အလွန်ပင် အရေးကြီးလှပါသည်။ မဲများကို အဓိကရေတွက်ရမည့် မဲရုံမှူးနှင့် မဲရေတွက်ခြင်းကို စောင့်ကြည့်ပြီး ပြောဆိုပိုင်ခွင့်ရှိသည့် မဲရုံကိုယ်စား လှယ်နှင့် အကူကိုယ်စားလှယ်များ သည် ယခုပြသထားသော နမူနာ များကို ရှင်းလင်းပြတ်သားစွာ သိရှိထားမှသာ မဲရေတွက်ရာတွင် အငြင်းပွားမှုများ လျော့နည်းပြီး မဲများကို လွယ်ကူလျင်မြန်စွာ ရေတွက်ပြီးစီးနိုင်မည် ဖြစ်ပါသည်။ မဲဆန္ဒရှင်တိုင်းကသာ မဲလက်မှတ် များကို ဆန္ဒပြုရာ၌ နမူနာ(၁)တွင် ပြထား သည့်အတိုင်း မိမိဆန္ဒပြုလို သော ကိုယ်စားလှယ်လောင်း၏ အမည်နှင့် အမှတ်တံဆိပ်များ၏ ညာဘက်ကွက်လပ်တွင် အမှန်ခြစ်ပါ သော တံဆိပ်ကို တိတိကျကျနှိပ်နိုင် မည်ဆိုပါက ခိုင်လုံမဲ (သို့မဟုတ်) ပယ်မဲအဖြစ် ဆုံးဖြတ်ရန်ခက်သည့် ဒွိဟဖြစ်ဖွယ် မဲလက်မှတ်များ ပါဝင် တော့မည် မဟုတ်သဖြင့် မဲရုံမှူးများ အား မဲရေတွက်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်တကွ နိုင်ငံ ရေးပါတီများ၊ မီဒီယာများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် လည်း မဲဆန္ဒရှင်များ ဆန္ဒပြုလိုက် သောမဲ များ ပယ်မဲမဖြစ်စေဘဲ မဲလက်မှတ်အားလုံး ခိုင်လုံမဲဖြစ်စေ ရေးအတွက် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ယခုဖော်ပြသည့် ဆန္ဒပြုနည်းနှင့် ခိုင်လုံမဲ၊ ပယ်မဲများအကြောင်းကို ထည့်သွင်း ပညာပေးကြ ပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ကိုယ်စား မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။

No comments: