မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်ထားသူ ဝန်ကြီးအများစု ရာထူးမှ နုတ်ထွက် -------------------------------
ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်ထားသူ ဝန်ကြီးအများစု ရာထူးမှ နုတ်ထွက်
-------------------------------
ရန်ကုန်၊ သြဂုတ် ၁၂
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အမည်စာရင်း တင်သွင်းထားသော ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်အရ သိရှိရသည်။
နိုင်ငံတော်သမ္မတရုံးက သြဂုတ်လ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြည်ထောင်စုဝန်ကြီး လေးဦး ဖြစ်သော သမ္မတရုံး ဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဦးမြတ်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဌေးတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းအပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီသို့ အမည်တင်သွင်းထားသော ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ကိုလည်း စစ်ဘက်ဆိုင်ရာ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့အပြင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊ သမဝါယမ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းတို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့်ပြုခဲ့သည်။
ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်တို့ကိုလည်း စစ်ဘက်ဆိုင်ရာ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် ခွင့်ပြုခဲ့သည်။
လစ်လပ်သွားသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး နေရာ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်သန်းထွဋ်ကို ခန့်အပ်တာဝန်ပေးလိုက်သည်။
နိုင်ငံတော်သမ္မတက စစ်ဘက်ဆိုင်ရာ တာဝန်များ ပြန်လည်ထမ်းဆောင်ရန် ခွင့်ပြုခဲ့သော ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် နေပြည်တော် ပုဗ္ဗသီရိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များက ပြောဆိုထားသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဦးမြတ်ဟိန်းသည်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ရန် တပ်မတော်က ပေးပို့သော ကိုယ်စားလှယ်လောင်းများအနက် ရွေးချယ်ထားသော ကိုယ်စားလှယ် ၅၉ ဦးရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၇ ဦး၊ ပြည်သူ့လွှတ်တော်မှ ၁၉ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်မှ ၃၃ ဦးတို့ ဖြစ်ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ၅၀ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment