ရန်ကုန်၊ ဒီဇင်ဘာ ၂၃
MPT ၏ တယ်လီဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းများကို နိုင်ငံတစ်ဝန်းရှိ စာတိုက်များတွင်လည်း ပြုလုပ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ဆင်းမ်ကတ်များ အားလုံး မှတ်ပုံတင်နိုင်ရေး နည်းလမ်းများကို ဆက်သွယ်ရေး ကုမ္ပဏီများက တိုးချဲ့လျက်ရှိရာ ယခု နောက်ဆုံး အစီအစဉ် အနေနှင့် MPT က နိုင်ငံအတွင်းရှိ စာတိုက်ပေါင်း ၇၈၂ ခုနှင့် ထပ်မံ ချိတ်ဆက်လိုက်ခြင်းဖြစ်သည်။
မြန်မာ့ စာတိုက်လုပ်ငန်းနှင့် ယင်းကဲ့သို့ ပူးပေါင်း လုပ်ဆောင်ခြင်းမှာ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်းရှိ MPT ၏ ဆင်းမ်ကတ်ပေါင်း ၂၁ သန်းကို ၂ဝ၁၇ ခုနှစ်၊ မတ်လ မတိုင်မီ မှတ်ပုံတင် ပြီးစီးနိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“စာတိုက်များမှာ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ခုလို သက်ဆိုင်ရာနဲ့ ပူးပေါင်း ပေးအပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ သုံးစွဲသူတွေဟာ ဒီလို နေရာတွေကို သူတို့ရဲ့ နေ့စဉ်အလုပ် ကိစ္စတွေ အတွက်နဲ့ မကြာခဏ ရောက်ရှိတတ်တဲ့အတွက် တကူးတက သွားဖို့ မလိုတော့ဘဲ သူတို့ရဲ့ MPT ဆင်းမ်ကတ်တွေကိုလည်း သက်သောင့်သက်သာနဲ့ အလွယ်တကူ မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်”ဟု MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောဆိုသည်။
ပြည်တွင်း တယ်လီဖုန်း ဆင်းကတ်များ သုံးစွဲမှုများတွင် လာမည့် ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများထံ မှတ်ပုံတင်ရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အချိန်မီ မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းကတ်များ အနေနှင့် ယာယီ ရပ်ဆိုင်းခံရမည်ဖြစ်သည်။
လက်ရှိအချိန်အထိ MPT ဆင်းမ်ကတ် အရေအတွက် ၁၃ သန်းနီးပါးရှိပြီး ၈ သန်းမှာ မှတ်ပုံတင်ရန် ကျန်ရှိနေသေးခြင်းဖြစ်သည်။
No comments:
Post a Comment