လူပါးဝ Bus များ ရပ် အမည်ရှိ Facebook group အင်တာနက်စာမျက်နှာ
ခရီးသွားပြည်သူများအား ရိုင်းပျစော်ကားခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်းများ ပြုလုပ်သော ခရီးသည်တင် ယာဉ်လိုင်းများအား Facebook ပေါ်တွင် လူစုကာ ပြန်လည် လက်တုံ့ပြန်ရန် ပြင်ဆင်လာကြကြောင်း စုံစမ်းသိရသည်။
လူပါးဝ Bus များ ရပ် အမည်ရှိ Facebook group တစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားများ၏ ခရီးသွားပြည်သူများအပေါ် ဆဲဆိုမှုများ၊ ယာဉ်စီးခ ပိုမိုတောင်းခံမှုများ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကို နေ့စဉ်ဆိုသလို ရေးသားနေကြပြီး အဆိုပါ ယာဉ်လိုင်းများကို အုပ်စုဖွဲ့ကာ ပြန်လည် လက်တုံ့ပြန် ဖြေရှင်းရန် လူစုနေကြကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက်က လူမှုကွန်ရက် Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော Light Truck ယာဉ်တစ်စီးမှ ယာဉ်ပေါ်ပါသူများကို ခရီးသည်တင် ဘီအမ်ယာဉ်နှစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြမှုကို အဆိုပါ Group မှ လူများက ၀ိုင်းဝန်း ဆွေးနွေးနေကြသည်။
ထို့ပြင် လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က ၂၃၆ ယာဉ်လိုင်း၊ ယာဉ်အမှတ် 6G/1322 မှ ဒရိုင်ဘာနှင့် စပယ်ယာများ အပါအ၀င် လူငါးဦးက အမှတ် ၃ လမ်းမကြီးပေါ်တွင် ခရီးသည်တင် အမျိုးသားတစ်ဦးကို ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည်ကို သက်ဆိုင်ရာအစိုးရ သိစေရန် Facebook ပေါ်သို့ တင်ခဲ့သော်လည်း အရေးမယူသည့်အတွက် အဆိုပါယာဉ်လိုင်းမှ ယာဉ်နောက်လိုက်နှင့် စပယ်ယာများကို ပြန်လည် လက်တုံ့ပြန်သော ဗီဒီယိုဖိုင်တစ်ခုကိုလည်း တွေ့ရသည်။
အဆိုပါ Facebook Group တွင်းရှိ လူများကို The Daily Eleven က မေးမြန်းကြည့်ရာ “အစိုးရရဲ့ ဖြေရှင်းမှုကို ပိုဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ ဒီအစိုးရက ခေါင်းပိုင်းပဲ အသစ်ဖြစ်လာတာ။ အောက်ပိုင်းက ၀န်ထမ်းတွေက အရင်လူတွေချည်းပဲ။ ပြောင်းလဲပြီး ပိုကောင်းအောင် လုပ်နေပေမယ့် အချိန်တစ်ခုတော့ ပေးရမယ်။ အဲဒီလိုပဲ ဖြေရှင်းရမှာက ဒီကိစ္စတစ်ခုတည်း မဟုတ်တော့ အစိုးရ ဖြေရှင်းပေးမယ့် အချိန်ရောက်ဖို့ စောင့်ရမယ်။ မစောင့်နိုင်ရင်တော့ တီးသာတီး၊ သူတို့က သိပ်မိုက်ရိုင်းနေတာလေ။ ခရီးသည်ကို လေးလေးစားစား ရိုရိုသေသေနဲ့ပြောတဲ့ စပယ်ယာတွေ ဒရိုင်ဘာတွေ ရှိပါတယ်။ အများစုက ရိုင်းနေတော့ သူတို့ပါရော အပြောခံရသလို တချို့ဆို စိတ်ဓာတ်ပါ ပျက်စီးလာကြတယ်။ ခုလိုရိုင်းစိုင်းနေတဲ့ကောင်တွေကို ရိုက်ခွဲပြီး အလုပ်ဖြုတ်ပစ်ရမယ်။ သူတို့မရှိလို့ ဘာမှမဖြစ်ဘူး။ အလုပ်လက်မဲ့တွေ အများကြီးရှိတယ် ဒီတိုင်းပြည်မှာ” ဟု Tin Aung Shwe Facebook အကောင့်ပိုင်ရှင်က ပြောကြားသည်။
သတ်မှတ်ယာဉ်စီးခကို ယာဉ်ပေါ်တွင် မကပ်ထားခြင်း၊ ယာဉ်စီးခ ပိုတောင်းသည်ဟု ခရီးသည်ကပြောလျှင် စပယ်ယာက ယာဉ်ပေါ်မှ ပြန်ဆင်းခိုင်းခြင်း၊ မထသကို ဖုန်းဆက်တိုင်ပါကလည်း ဖုန်းဘေလ် ကုန်သည်မှလွဲပြီး အကျိုးမထူးခြင်း၊ ယာဉ်လိုင်းများသည် သတ်မှတ် ယာဉ်စည်းကမ်းအတိုင်း မမောင်းနှင်သဖြင့် ခရီးသည်အဖို့ အန္တရာယ်များခြင်းနှင့် လိုင်စင်မရှိဘဲ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (စပယ်ယာ) လုပ်နေသူများခြင်းတို့ကြောင့် ခရီးသွားပြည်သူအတွက် အာမခံချက်မရှိဘဲ နေ့စဉ်အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။
“လိုင်းကားသမားတွေဘက်ကစပြီး ဥပဒေမဲ့ စော်ကားမှုတွေကြောင့် လက်တုံ့ပြန်ဖို့ စဉ်းစားမိတာ။ တစ်ဖက်က ဥပဒေမဲ့ စော်ကားမှုအပေါ် ဥပဒေကြောင်းအရ ဖြေရှင်းတဲ့အခါကျတော့လည်း တာဝန်ရှိ အဖွဲ့အစည်းတွေ အနေနဲ့ ထိရောက်တဲ့ အရေးယူမှုမျိုးလုပ်တာ မတွေ့ရဘူး။ ထိရောက်တဲ့ အရေးယူမှုဆိုတာ လိုင်စင်တွေ သိမ်းရုံနဲ့လည်း မပြီးဘူး။ လိုင်းကားတွေပေါ်မှာ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ပါ လိုင်စင်မရှိဘဲ လုပ်နေသူတွေ အများကြီးပါ။ အရင်လို မှတ်တိုင်တိုင်းမှာ မထသ ၀တ်စုံလေးတွေနဲ့ လူလေးတွေ ချထားရုံဆိုရင်တော့ လိုင်းကားသမားတွေ ဘော်ဒါကြေးပေးဖို့ နေရာတွေ ပိုတိုးလာရုံကလွဲရင် တခြားဘာမှထူးလာမှာ မဟုတ်ဘူး။ တကယ်တမ်း ဖြစ်သင့်တာ ထိရောက်တဲ့ အရေးယူမှုပါ။ လမ်းပြောင်းပြန်တွေကို ထောင်ဒဏ်ချမှတ် အရေးယူမယ် ဆိုထားပေမယ့် ဒီနေ့အထိ လမ်းပြောင်းပြန်မောင်းလို့ ထောင်ကျသွားတဲ့ ကားမတွေ့သေးသလိုပဲ။ ဥပဒေထုတ်ရုံနဲ့ မပြီးဘူး။ ဖောက်ဖျက် ကျူးလွန်သူတွေကို အရေးယူဖို့လည်း လိုသေးတယ်။ ယာဉ်လိုင်းတွေအပေါ် လူတွေမကျေနပ်ခဲ့တာ ကြာပြီ။ မကျေနပ်တာ ပြောဆိုရင်တော့ ဆုံးမှာမဟုတ်ဘူး။ ခရီးသည်အားလုံး လိုချင်တာက နိုင်ငံအခြေအနေအရ ဘတ်စ်ကားတွေ သက်သောင့်သက်သာ မရှိနိုင်သေးရင်နေပါ။ လမ်းခရီးတစ်လျှောက် လုံလုံခြုံခြုံနဲ့ စိတ်ချမ်းချမ်းသာသာ လိုရာခရီးကို ရောက်တယ်ဆိုရင်ပဲ ကျေနပ်ကြမှာပါ” ဟု စာရေးဆရာ မင်းသွန်းအိမ်က ပြောကြားသည်။
Writer:
သက်မင်း
Eleven Media
No comments:
Post a Comment