တာချီလိတ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာ ဝတီလမ်း၊ ဆန်ဆိုင်းဈေးအနီး၊ နွမ်းတစ်အလှပြင်ဆိုင်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဆံပင် အလှပြုပြင်မှုခံယူနေသည့် အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာ ရရှိသည့်ဖြစ်စဉ် ဒီဇင်ဘာ ၁၃ ရက်နေ့လည် ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။
တာချီလိတ်ပြည်သူ့ဆေးရုံတွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးး၊ စခန်းမှူး နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရဲစခန်း၏ အရှေ့မြောက်ဘက် နှစ်မိုင်ခန့်အကွာ၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ နွမ်းတစ်အလှပြင်ဆိုင်တွင် နန်းကျောက်ဝိုးစံ (၂၀ နှစ်)၊ မကာဟိုခမ်းရပ်ကွက်နေသူမှာ ဆံပင်အလှပြုပြင်မှု ခံယူနေစဉ် အမည်မသိ အမျိုးသားတစ်ဦး ဆိုင်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့၍ နန်းကျောက်ဝိုးစံ၏ ဦးခေါင်းဝဲဘက်တွင် သေနတ်ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး စကားမေးမရ စိုးရိမ်ရသည့် အခြေအနေ ရရှိခဲ့ပြီး အခင်းဖြစ် နေရာ တမံတလင်းကြမ်းခင်းပေါ်မှ (THAIARMS .45 ACP) စာတမ်းပါ ကျည်ခွံ တစ်ခုအား တွေ့ရှိခဲ့သဖြင့် အမှုဖြင့် သိမ်းဆည်းခဲ့သည်။
''အလှပြင်ဆိုင်မှာ အသက် ၂၀ နှစ်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး ထိုင်ခုံတွင် ထိုင်လျက် ဆံပင်အလှပြုပြင်နေတုန်း သေနတ်ပစ်ခတ်သံ တစ်ချက် ကြားလို့ လည့် ကြည်တော့ အရပ် ၅ ပေ ၆ လက်မခန့်ရှိ ခန္ဓာကိုယ်ပိန်၊ အင်္ကျီ နက်ပြာရောင်လက်တို၊ ဘောင်ဘီရှည် နက်ပြာရောင်၊ လျှာထိုးဦးထုပ်ဆောင်းထားပြီး အမည်မသိ အမျိုးသားတစ် ဦး သေနတ်ကိုင်ဆောင်ပြီး ဆိုင်အတွင်းမှ လမ်းပေါ်ပြေးထွက်သွားတာ မြင်လိုက်တယ်''ဟု အခင်းဖြစ်ရပ် မျက်မြင်တစ်ဦး ကပြောသည်။
အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအား စုံစမ်းဖေါ်ထုတ် အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းက (ပ)၂၃၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှု ဖွင့်ကာ တရားခံဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)



No comments:
Post a Comment