Posted: December 13, 2016
ကျောက်စိမ်းအလွန်အကျွံ တူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး မကြာခဏ မြေပြို ရေကြီးဖြစ်နေသည့် ဖားကန့်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးသည်ဟု သိရသည်။
ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ ထွန်းတောက်စကုမ္ပဏီ (ယခင် ဒေသခံ များအခေါ် အိုင်စီ ) ကျောက်မျက် တူးဖောက်ရေး လုပ်ကွက် မှ မြေပြိုမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဖားကန့် အခြေစိုက် အလွတ်တန်း သတင်းထောက် ဖြစ်သည့် ကိုဇော်မိုးထက်က The Ladies News သို့ ပြောသည်။
“မနေ့က ညနေ ၆ နာရီလောက်က ဖြစ်တာ။ ပထမ နှစ်ဦးသေတယ်။ ဒီနေ့ နောက်တစ်ဦး ဒဏ်ရာ ရထားသူကလည်း ဆုံးသွားတယ်လေ။ မျက်မြင်တွေပြောတာက ဒီထက်မက အထဲမှာ ရှိနေနိုင်သေးတယ်ပေါ့လေ” ဟု ကိုဇော်မိုးထက်က ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့် တွင် ပြောသည်။
အဆိုပါ မြေပြိုမှုတွင် ပါသွားသူများမှာ တရားမ၀င် တစ်နိုင် တစ်ပိုင် ကျောက်စိမ်း တူးဖော်သူများ ဖြစ်ကြောင်းလည်း သိရသည်။ ဖားကန့် ဒေသအတွင်း လုပ်ကွက်များတွင် တရားမ၀င် ကျောက်စိမ်း တစ်နိုင်တစ်ပိုင် တူးဖော်သူများမှာ ကုမ္ပဏီများ လုပ်ငန်းခွင်ခေတ္တရပ်နားသည့် ညအချိန်တွင် ၀င်ရောက်တူးဖော်ကြလေ့ ရှိကြောင်းလည်း သိရသည်။
The Ladies News
No comments:
Post a Comment