Saturday, December 24, 2016

ကျောက်တံခါးမြို့တွင် တရားမ၀င် ကျွန်းသစ်ကားအား သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ရပြီး သစ်တော ရဲတပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုနယ်မြေ ရဲစခန်းအပိုင်နယ်မြေတွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက တရားမ၀င် သစ်များဖမ်းဆီးရာတွင် သစ်တင်ယာဉ်မှ မောင်းနှင်ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ဖောက်ဖမ်းဆီးခဲ့ရာ သစ်တော ရဲတပ်ကြပ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး သစ်ခိုးကား  မောင်းသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

“အမှန်မှာက သစ်တောအဖွဲ့ကလည်း တခြားနေရာမှာ သတင်းရလို့သွားတာ။ သတင်းရလို့ သစ်ရှာဖွေနေတဲ့အချိန်မှာ။ အဲဒီကားက သစ်ပါတာကို သူ့ဟာသူ စိတ်ထဲမှာ မလုံတော့ ဒီအဖွဲ့တွေကသူ့ကို လာဖမ်းတာပဲ ဆိုပြီးတော့ သူက ကားကို ဒီအဖွဲ့ထဲကို ပွတ်တိုက်ပြီးတော့ မောင်းပြေးတာပေါ့။ အဲဒီလို ပွတ်တိုက်မိတော့ ကျွန်တော်တို့ဆီက သစ်တောလုံခြုံရေးက ဆရာတစ်ယောက်ကို ပွတ်တိုက်မိသွားတာဆိုတော့ နည်းနည်းလေးတော့ ဖူးရောင်ဒဏ်ရာ ရသွားတာပေါ့” ဟု ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖဒိုနယ်မြေရဲစခန်းမှ ခုနစ်မိုင်ခန့်အကွာ မြို့ချောင်း-မင်းလှသွား စိန်ကန့်လန့် ကားလမ်း(ဒေသအခေါ်) ၅ မိုင် ဆောက်လုပ်ရေးဝင်း အနီး အခြေပြု၍ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းထွန်းဝင်းအေး ဦးစီးပြီး ရဲတပ်ကြပ် ဇော်လင်း ဦးစီး သုံးဦး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် အောင်ကျော်မိုးပါ လေးဦးနှင့် ပူးပေါင်းအဖွဲ့တို့သည် နယ်မြေသတင်းပေးချက်အရ မြို့ချောင်းရွာဟောင်းသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့သွားရောက်စဉ် မြို့ချောင်းရွာဟောင်းနေ ဖိုးဖြူ  ၂၃ နှစ် (ဘ) ဦးတင်စိုး အရောင်းအ၀ယ်လုပ်သူ၏ နေအိမ်ခြံဝင်းအတွင်းမှ ယာဉ်အမှတ် 8I/7836 ကာစတန်ခဲရောင် ယာဉ်ပေါ်တွင် အသင့် တင်ဆောင်ထားသည့် တရားမ၀င် ကျွန်းသစ်ခွဲသား တစ်တန်ကျော်ခန့်အား တင်ဆောင်ပြီး အရှိန်ပြင်းစွာ မောင်းနှင်ထွက်ရာမှ သစ်တော ရဲတပ်ကြပ်ဇော်လင်းအား ပွတ်တိုက်မိပြီး ဆက်လက် မောင်းနှင်သဖြင့် ရဲဒုတပ်ကြပ် ချစ်စမ်းမောင်က လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသည့် (HK-33) မောင်းပြန်သေနတ်ဖြင့် ယာဉ်၏ယာဘက်ရှေ့ဘီးအား တစ်ချက် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။

“အဲဒီမှာ သစ်တောအဖွဲ့နဲ့က ကားမောင်းပြေးတဲ့နောက် လိုက်ရှာကြတဲ့အခါကျတော့ မြို့ချောင်းဆိုတဲ့ရွာထဲက အိမ်မှာ ကားထိုးရပ်ထားတာ လူကတော့ မတွေ့တော့ လူက ထွက်ပြေးသွားတာပေါ့။ အိမ်ထဲ ၀င်ရှာတဲ့အခါကျတော့ ကားပေါ်မှာ သစ်သားတချို့ တစ်ဝက်တွေ့တယ်။ နောက်ပြီး အိမ်ဘေးနားမှာ ပုံထားတာ တချို့တစ်ဝက် တွေ့တယ်။ အဲ ဒါတွေ အကုန်လုံးဖမ်းပြီးတော့မှ သိမ်းဆည်းလိုက်ရတာပေါ့။ သစ်ကားမောင်းတဲ့လူကတော့ မမိဘူး ကားထိုးထားပြီး ထွက်ပြေးသွားတယ်” ဟု ဖဒိုနယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါသစ်ကားနှင့် ထွက်ပြေးသွားသည့် ဖိုးဖြူ၏နေအိမ်ခြံဝင်းအတွင်းမှ စုစုပေါင်း တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုက်စုံ (၂ ဒသမ ၁၈၇၆) တန်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ဖြင့်ပွတ်တိုက်မှုကြောင့် ခါးတွင်ထိခိုက် ဒဏ်ရာရရှိသွားသူ သစ်တောရဲတပ်ကြပ် ဇော်လင်းအား ရဲဆေးစာဖြင့် မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ကြောင်း သိရသည်။

Writer: 

ဇော်ဝင်းချစ် (တောင်ငူ)

Eleven Media Group Co., Ltd

No comments: