မုံရွာမြို့၏ ဒီဇင်ဘာလ ၁၃ ရက် ဆောင်း နံနက်ခင်း ၂ နာရီက မုံရွာမြို့ ဆေးရုံကြီး မှုခင်းဌာနသို့ အလောင်း တစ်လောင်း ရောက်လာသည်။
အသက် ၃၅ နှစ်ခန့် အမျိုးသား တစ်ဦး၏အလောင်း ဖြစ်သည်။
ယင်းဆေးရုံမှ တာဝန်ကျ ဆရာကြီးက “မြို့မ စခန်းမှူး လာပို့တယ်။ ပြည်ထောင်စုလမ်းမှာ မှောက်လျက် အနေအထားနဲ့ သေနေတာတဲ့၊ ဦးခေါင်းထိပ်မှာ ရိုက်ခံထားရတယ်”ဟု ဆိုသည်။
မုံရွာမြို့ အရှေ့ဘက် ပြည်ထောင်စု လမ်းမကြီး၊ ခမရ (၁၆) တပ်ရင်းရှေ့ လူသွားလူလာ နည်းသော နေရာ အရှေ့ဘက်တွင် ဆိုင်ကယ်နှင့် လူတစ်ဦး လဲကျနေသည်ကို အိုးဘိုတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးဇော်က ဒီဇင်ဘာလ ၁၂ ရက် ညသန်းခေါင်ကျော်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၎င်း သေဆုံးချိန်တွင် နှာခေါင်းရိုးကျိုး ဒဏ်ရာနှင့် လက်မောင်း၊ မျက်နှာတို့တွင် ဖူးရောင် အညိုအမည်းစွဲ ဒဏ်ရာများ ရှိနေကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းသေဆုံးသူမှာ လက်ရှိ Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် တစ်ဦးအဖြစ် လုပ်ကိုင်နေသည့် ကိုစိုးမိုးထွန်းပင် ဖြစ်သည်။
“ကျွန်တော်တို့ ရောက်တော့ အသက် မရှိတော့ဘူး၊ သွေးအိုင်ထဲမှာ လဲနေတယ်။ သူက ဆိုင်ကယ် ဦးထုပ် အမြဲ ဆောင်းတဲ့သူ၊ ဆိုင်ကယ်ကလည်း ပွန်းရာ ပဲ့ရာ ဘာမှ မတွေ့ဘူး။ ဆိုင်ကယ် ဦးထုပ်ကလည်း ဘာမှ မဖြစ်ဘူး တစ်နေရာမှာ တွေ့တယ်။ ဒါပေမဲ့ ဆိုင်ကယ်ကို မှောက်လဲတဲ့ပုံစံ လုပ်ထားတာ တွေ့တယ်”ဟု အခင်း ဖြစ်ပွားရာကို ရောက်ရှိခဲ့သူ မုံရွာဂေဇက် အယ်ဒီတာချုပ် ကိုသက်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်အကြား၊ မုံရွာ ဂေါက်ကွင်း အရှေ့မြောက်ဘက်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က မုံရွာအခြေစိုက် သတင်းထောက်တစ်ဦး အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ကိုစိုးမိုးထွန်းသည် မင်းကင်းမြို့ ဇာတိဖြစ်ပြီး အထက်တန်းကျောင်းကို မုံရွာမြို့တွင် တက်ရောက်ခဲ့ကာ မုံရွာတက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ် အဓိကဖြင့် ကျောင်းပြီးခဲ့သည်။
၂ဝဝ၄ ခုနှစ်၌ ကျောင်းနေဖက် မခင်ချိုလတ်နှင့် အိမ်ထောင်ကျခဲ့ပြီး လေးနှစ်အကြာတွင် သားတစ်ဦး ထွန်းကားခဲ့သည်။
လက်ရှိ ၎င်းသေဆုံးချိန်တွင် အသက် ရှစ်နှစ်အရွယ် ပထမတန်း တက်ရောက်နေသည့် သားနှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့သည်။
သေဆုံးသူထက် ၂ နှစ်ငယ်သည့် ဇနီးသည် မခင်ချိုလတ်က ယင်းသို့ ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုသည်။
“ကျွန်မက သူ စိတ်ချမ်းသာတာ ကြိုက်တာ လုပ်ပါစေ ဆိုပြီး သတင်းထောက်အလုပ်ကို ကန့်ကွက်တာ မရှိခဲ့ဘူး”ဟု သူမက ဆိုသည်။
ထို့ပြင် ကိုစိုးမိုးထွန်းမှာလည်း ညအိပ်၊ ညနေ သွားသည်မျိုးကစ၍ အိမ်ပြန်နောက်ကျသည့် အခါတိုင်း ဇနီးသည်ကို အသိပေးလေ့ ရှိကြောင်း မခင်ချိုလတ်က ပြောဆိုသည်။
ယင်းသေဆုံးမှုကို လူသတ်မှုဖြင့် ရဲစခန်းတွင် အမှု ဖွင့်ထားပြီး အမှုမှန် အမြန် ဖော်ထုတ်ပေးရန် အလဲဗင်း သတင်းစာက ထုတ်ပြန် တောင်းဆိုလိုက်သည်။
မခင်ချိုလတ်မှာ ခင်ပွန်းဖြစ်သူ၏ အကြောင်းကို သိရှိရကာ အငိုလွန်ပြီး မို့မောက်နေသည့် မျက်ဝန်း နီနီများထဲက မျက်ရည်များ လိမ့်ကျလာသော်လည်း သူမ ခင်ပွန်းအကြောင်းကို ပြောပြနေသည်။
အနီးရှိ သားဖြစ်သူ မောင်ဟိန်းစွမ်းထက်ကလည်း မိခင်ရဲ့ မျက်ရည်များကို ကြည့်ပြီး ရှိုက်ငိုနေသည်။
“သူ အိမ်က ထွက်သွားတာ တနင်္ဂနွေ မနက် ၅ နာရီကတည်းက ဝန်ကြီးချုပ် ခရီးစဉ်မှာ လိုက်သွားမယ်လို့ ပြောတယ်။ တနင်္လာနေ့ မနက်ကျ ဖုန်းဆက်တယ်။ သူ ပြန်ရောက်နေပြီ စိတ်မပူဖို့ ပြောတယ်။ ည ၇ နာရီ ၈ နာရီလောက်မှာ ဖုန်းဆက်တယ်။ အိမ်ပြန် နောက်ကျမယ်လို့”ဟု သူမက ရှင်းပြသည်။
လုပ်ကြံ သတ်ဖြတ်ခံရသည့် ကိုစိုးမိုးထွန်းသည် ယခင်က Hot News ဂျာနယ်တွင် မုံရွာအခြေစိုက် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် Eleven သတင်းစာတွင် မုံရွာအခြေစိုက် သတင်းထောက်အဖြစ် တာဝန်ယူနေသူ တစ်ဦး ဖြစ်သည်။
၎င်းမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် သတင်းထောက် စတင်လုပ်ခဲ့ပြီး ဖလားဝါးနယူး ဂျာနယ်သို့ သတင်းများ ပို့ခဲ့သူဖြစ်သည်။ ယင်းနောက် Hot News ဂျာနယ်တွင် ဆက်လက် လုပ်ကိုင်ခဲ့ကာ ၂ဝ၁၄ ခုနှစ်တွင် လက်ပံတောင်းတောင် ပဋိပက္ခ၌ Eleven Media Group ၏ နယ်သတင်းထောက် တစ်ဦး ဖြစ်လာပြီး မုံရွာအွန်လိုင်း သတင်းဌာနနှင့် သလ္လာဝတီတိုင်းမ်တို့တွင်လည်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း လုပ်ဖော် ကိုင်ဖက်ဖြစ်သူ 7 Days သတင်းစာမှ ကိုမျိုးမင်းဦးက ပြောဆိုသည်။
ထို့ပြင် ၎င်းသည် သစ်မှောင်ခို သတင်းများနှင့် မူးယစ်ဆေးဝါး သတင်းများကို စုံစမ်းဖော်ထုတ် သတင်းရေးသားလျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် သစ်မှောင်ခိုဆိုင်ရာ အကြောင်းအရာများကို ရေးသား ဖော်ပြထားသည့်အပြင် မုံရွာမြို့တွင် KTV ဆိုင်အသစ်များ တိုးချဲ့မည့်အပေါ် ကန့်ကွက်စာများလည်း ရေးသားခဲ့သည်။
ယင်းကိစ္စရပ်များကြောင့် ယခုကဲ့သို့ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း လုပ်ဖော်ကိုင်ဖက် သတင်းထောက်များအကြား ဝေဖန် ပြောဆိုမှုများလည်း ရှိနေပေသည်။
“သူ သေဆုံးတာကို မှတ်ချက်ပေးဖို့ ခက်တယ်။ သူကတော့ သစ်ဖမ်းဆီးတဲ့ သတင်းတွေကို အားတက်သရော ရေးခဲ့တယ်။ လက်ပံတောင်းသတင်း ဆန္ဒပြ သတင်းတွေလည်း သူ ရေးတယ်။ အရင် အစိုးရ လက်ထက်က သစ်ဖမ်းမှုနဲ့ သက်ဆိုင်တဲ့ ဖုန်းနံပါတ်တွေ သူ့ဖေ့ဘွတ်ခ်မှာ တင်ထားတာမျိုး ရှိတယ်”ဟု မုံရွာဂေဇက် အယ်ဒီတာချုပ် ကိုသက်က ဆိုသည်။
ကိုစိုးမိုးထွန်း သေဆုံးမှုကို ရင်ခွဲစစ်ဆေးရာတွင် ဦးခေါင်းတွင် ဒဏ်ရာ နှစ်ချက်ဖြင့် ဦးခေါင်းခွံ အက်ကာ သွေးခဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်ကြီးများက အတည်ပြု ပြောဆိုသည်။
မုံရွာနယ်ခံသတင်းထောက် ကိုစိုးမိုးထွန်း ယခုကဲ့သို့ အသတ်ခံရမှုနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်း တာဝန်ကျ အရာရှိ တစ်ဦးကလည်း တစ်ဦးထက်မက လူအများ၏ ဝိုင်းဝန်း ချုပ်နှောင် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
ခင်မေစန်း
No comments:
Post a Comment