ပါလက်စတိုင်း နယ်မြေများတွင် အစ္စရေး အိမ်ရာစီမံကိန်းများ အခြေချ ချဲ့ထွင်မှုကို တားမြစ်သည့် ကုလသမဂ္ဂ သတ်မှတ်ချက်ကို လိုက်နာမည် မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟု ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၂၃ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ မဲခွဲဆုံးဖြတ်မှုအရ အနောက်ဘက် ကမ်းခြေဒေသနှင့် ဂျေရုဆလင် အရှေ့ပိုင်းတို့တွင် အစ္စရေး အိမ်ရာများ ဆောက်လုပ်နေခြင်းမှာ တရားမဝင်ကြောင်း ဆုံးဖြတ် သတ်မှတ်ခဲ့သည်။ နေတန်ညာဟုက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်မှာ အခြေခံ မခိုင်မာဘဲ ရှက်စရာကောင်းကြောင်း ဝေဖန် တုံ့ပြန်ခဲ့သည်။
ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမမက် အဘက်စ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် အစ္စရေး၏ မူဝါဒပိုင်းကို ကြီးကြီးမားမား ထိုးနှက်လိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။ အစ္စရေး၏ မဟာမိတ်ဖြစ်သော အမေရိကန်က ဗီတိုအာဏာ အသုံးပြုပြီး ပယ်ချရန် ငြင်းဆိုခဲ့သည့်နောက် ယင်းအဆိုကို အတည်ပြုနိုင်ခဲ့သည်။ ယခုအခြေအနေသည် အစ္စရေး၏ ရပ်တည်မှုကို ကာလရှည်ကြာ ထောက်ခံခဲ့သည့် အမေရိကန်၏ အစဉ်အလာနှင့် ဖီလာ ဆန့်ကျင်နေသည်။
ပုံမှန်အားဖြင့် အမေရိကန် အစိုးရ အဆက်ဆက်သည် ကုလသမဂ္ဂတွင် အစ္စရေး ကြုံရသည့် ဘေးကျပ်နံကျပ် အခြေအနေ အရပ်ရပ်၌ အစွမ်းကုန် ကူညီခဲ့သည်။ အီဂျစ်အစိုးရက မူကြမ်းရေးဆွဲ တင်သွင်းသည့် အဆိုကို ကုလသမဂ္ဂတွင် မဲခွဲမဆုံးဖြတ်မီတွင် အစ္စရေးက အမေရိကန်၌ ဒေါ်နယ်လ်ထရမ့် အစိုးရသစ် တက်လာသည်အထိ စောင့်ဆိုင်းပေးရန် ပန်ကြားခဲ့သော်လည်း မလေးရှား၊ နယူးဇီလန်၊ ဆီနီဂေါနှင့် ဗင်နီဇွဲလားတို့က အမြန်ဆုံး ဆုံးဖြတ်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ၁၅ နိုင်ငံ မဲပေးရာ၌ ၁၄ နိုင်ငံက အစ္စရေး၏ အိမ်ရာစီမံကိန်းများ ရပ်တန်ရေးအတွက် ထောက်ခံခဲ့ပြီး ၁ နိုင်ငံက ကြားနေခဲ့သည်။
အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား အခြေချနယ်မြေ အငြင်းအခုံ ကိစ္စသည် ၁၉၆၇ ခုနှစ်တွင် အနောက်ဘက် ကမ်းခြေဒေသနှင့် အရှေ့ဂျေရုဆလင်တို့ကို အစ္စရေးက သိမ်းယူပြီးကတည်းက အစဉ်အဆက် တည်တံ့ခဲ့သည်။ နိုင်ငံတကာ ဥပဒေများအရ အစ္စရေး အိမ်ရာများ ချဲ့ထွင်မှုသည် တရားမဝင်ဟု ယူဆနိုင်သော်လည်း အစ္စရေးက ယင်းအခြေအနေကို အစဉ်တစိုက် ငြင်းဆန်ခဲ့သည်။
ဝန်ကြီးချုပ် နေတန်ညာဟုက “အစ္စရေးကို ဆန့်ကျင်ဖို့သက်သက် ရေးဆွဲ ဖန်တီးထားတဲ့ အဲဒီအဆိုကို လုံးဝ ကန့်ကွက်ပါတယ်။ ကုလသမဂ္ဂရဲ့ စီရင်ဆုံးဖြတ်ချက်တွေ၊ သတ်မှတ်ချက်တွေကို လိုက်နာမှာ မဟုတ်ပါဘူး။ ဆီးရီးယားမှာ လူသန်းဝက်လောက် အသတ်ခံနေရတာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ငုတ်တုပ်ထိုင်ကြည့်နေပြီး အစ္စရေး ကိစ္စကို ပုံကြီးချဲ့နေတာပါ”ဟု စွပ်စွဲ ပြောကြားခဲ့သည်။
နေတန်ညာဟုနှင့် နီးစပ်မှု ပိုရှိပြီး လာမည့်နှစ်တွင် အမေရိကန် သမ္မတ ရာထူးကို ဆက်ခံမည့် ထရမ့်ကလည်း ကုလသမဂ္ဂက ယခုလို ဆုံးဖြတ်ခဲ့သော်လည်း ၎င်းသမ္မတ ဖြစ်လာမည့် ဇန်နဝါရီ ၂၀ နောက်ပိုင်းတွင် အခြေအနေ အပြောင်းအလဲများ ရှိလာနိုင်ကြောင်း Twitterတွင် ရေးသား သတိပေးခဲ့သည်။
လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား လက်ထက်တွင် အစ္စရေးနှင့် ဆက်ဆံရေး ယိုယွင်းမှုများ ရှိခဲ့သလို ကုလသမဂ္ဂတွင် ကြုံရသည့် အစ္စရေး ပြဿနာများကို အမေရိကန်က မားမားမတ်မတ် ရပ်တည် အကာအကွယ်ပေးသည့် အစဉ်အလာကိုပါ စွန့်ပယ်ခဲ့ခြင်း ဖြစ်သည်။
Ref: CNN
No comments:
Post a Comment