Saturday, December 3, 2016

ဘယ်အချိန်မှာ တာယာလဲရမလဲ



ယာဉ်မောင်းနှင်တဲ့ အချိန်မှာ ဘေးအန္တရာယ်ကင်းဖို့အတွက်အရေးကြီးဆုံး အချက်တွေထဲမှာ တာယာကောင်းမွန် ကြံ့ခိုင်ဖို့ကလည်း ထိပ်ဆုံးနေရာက ရှိပါတယ်။ တာယာကြံ့ခိုင်မှုမရှိတဲ့ ဘီးနဲ့မောင်းနှင်နေရင်းနဲ့ လမ်းချော်တာ အပါအဝင် ဘေးအန္တရာယ်တွေ အများကြီးနဲ့ ကြုံတွေ့နိုင်ချေရှိပါတယ်။ ဒါကြောင့် တာယာကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်သလို လဲသင့်တဲ့ အခြေအနေမှာရှိနေပြီဆိုရင် အမြန်ဆုံး လဲလှယ်ပေးရမှာပါ။ 

တာယာကြံ့ခိုင်မှုကို စစ်ဆေးတဲ့အခါ ဘယ်အချက်တွေကို စစ်ဆေးရမလဲ၊ တာယာက ဘယ်လိုအခြေအနေမျိုးဖြစ်နေရင် လဲလှယ်ရမလဲဆိုတာ အပါအဝင် ကားတာယာနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေကို ကမ္ဘာကျော် ကားကုမ္ပဏီ Ford ရဲ့ Ford Driving Skills For Life (FDSL) အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးပို့ချခဲ့တာတွေကနေ တဆင့် ပြန်လည်မျှဝေပေးချင်ပါတယ်။

ပထမဆုံး အနေနဲ့ ကားရဲ့တာယာကို သင်စီးထားတဲ့ ဖိနပ်နှစ်ရံလို့ သဘောထားကြည့်ပါ။ တကယ်လို့ မတူညီတဲ့ ဖိနပ်နှစ်ရံကို စီးထားမိရင် လမ်းလျှောက်တဲ့အခါ ဟန်ချက်ပျက်နေမှာဖြစ်ပါတယ်။ ကားတာယာကလည်း ဒီလိုပါပဲ။ တာယာတစ်ဖက်နဲ့ တစ်ဖက် မတူညီရင် ကားဟန်ချက်ပျက်နိုင်တာကြောင့် တာယာ လဲလှယ်တဲ့အခါ ရှေ့ဘီးဆို ရှေ့ဘီးတစ်စုံလုံး၊ နောက်ဘီးဆို နောက်ဘီးတစ်စုံလုံး လဲလှယ်သင့်ပါတယ်။ တာယာမှာ အောက်ပါအခြေအနေတွေထဲက တစ်ခုခုဖြစ်နေပြီ ဆိုရင် အမြန်ဆုံး လဲလှယ်သင့်ပါတယ်။

-တာယာတိုက်စားမှုက တစ်ဘီးနဲ့တစ်ဘီး ဆိုးဆိုးရွားရွာ မညီမညာ ဖြစ်လာတဲ့အခါ

- တာယာဘေးနံရံတွေ သိသိသာသာ အက်ကွဲလာတဲ့အခါ

- တာယာပေါ်မှာ အလုံးအဖုတွေ ပေါ်လာတဲ့အခါ

- တာယာကိုယ်ထည်နဲ့ တာယာလမ်းကြောင်းတို့ ကွဲကွာမှုကို တွေ့ရှိရတဲ့အခါ

- ပြင်မရလောက်အောင် တာယာပေါက်မှု ဖြစ်တဲ့အခါ

ကိုယ့်ကားရဲ့ တာယာကို အထက်ပါအခြေအနေတွေထဲက တစ်ခု ခုဖြစ်နေသလား ဆိုတာကို မှန်မှန်စစ်ဆေးသင့်သလို ကိုယ့်ကားရဲ့ တာယာတွေ လေပေါင်မှန်၊ မမှန်ကိုလည်း ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီးအပိုရဲ့ တာယာနဲ့ အခြေအနေကိုလည်း မမေ့မလျော့စစ်ဆေးထားသင့်ပါတယ်။ 

THE VOICE

No comments: