Faccebook တွင် ပျံ့နှံ့ခဲ့သည့် မီးဖွားသည့် အကျဉ်းသူအား လက်ထိတ်နှင့် ခြေထောက်တွင် သံကြိုးများဖြင့် သော့ခတ်ထားမှုအား တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက် ည ၁၀ နာရီခန့်က အင်တာနက် Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်မှုများ ပျံ့နှံ့ခဲ့သည့် မကွေးတိုင်း သရက်မြို့ဆေးရုံတွင် မီးဖွားသည့် အကျဉ်းသူအား လက်ထိတ်နှင့် သံကွင်းကြိုးများဖြင့် သော့ခတ်ထားမှုကို မကွေးတိုင်း လူမှုရေး၊ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးနေမျိုးကျော်၏ မေတ္တာရပ်ခံမှုကြောင့် ယင်းချုပ်နှောင်ထားမှုများအား ပြန်လည်ဖြုတ်ပေးလိုက်ပြီဖြစ်ကြောင်း ဦးနေမျိုးကျော်ထံမှ သတင်းရရှိသည်။
မကွေးတိုင်း မင်းဘူးမြို့မှ မသွယ်သွယ်မိုးသည် လိုင်စင်မဲ့ စက်သုံးဆီရောင်းချမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ်ကျပ် ၅၀၀၀ ပြစ်ဒဏ်ချခံခဲ့ရကြောင်း သရက်ထောင်အတွင်း အကျဉ်းကျခံနေရစဉ် အောက်တိုဘာ ၃၁ ရက်က သရက်ဆေးရုံတွင် မီးဖွားခဲ့ကြောင်း၊ ယင်းသို့မီးဖွားရန် ဆေးရုံတက်နေစဉ်အတွင်း လက်ထိတ်ခတ်ထားသည့်အပြင် ခြေထောက်နှစ်ချောင်းကို သံကွင်းကြိုးဖြင့် ပူးတွဲ၍ ကြေးသော့ဖြင့် ခတ်ထားခံခဲ့ရကြောင်း ယင်းသို့ တုပ်နှောင်ခံထားရသည့်ပုံများ အင်တာနက် Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မကွေးတိုင်း လူမှုရေးဝန်ကြီး ဦးနေမျိုးကျော်က သရက်ခရိုင် ရဲတပ်ဖွဲ့မှူးထံ နိုဝင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က ဖုန်းဖြင့်ဆက်သွယ်၍ မေတ္တာရပ်ခံခဲ့ရာမှ တုပ်နှောင်ထားမှုများအား ဖြေပေးခဲ့ကြောင်း ဦးနေမျိုးကျော်ထံမှ သိရသည်။
"အဲဒီပုံတွေနဲ့ ဖြစ်စဉ် Facebook ပေါ် တက်လာပြီးတော့ ကျွန်တော့်ဆီကို ပြည်သူတွေက ဖုန်းတွေ ဆက်လာကြပါတယ်။ ဒါကြောင့် ည ၁၁ နာရီလောက်မှာ သရက်ခရိုင် ရဲမှူးဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး ဒီကိစ္စကြီးက လုံခြုံရေးအရ မှန်ပေမယ့် လူမှုရေးအရ၊ လူ့အခွင့်အရေး ရှုထောင့်အရ မဖြစ်သင့်ကြောင်း ပြောခဲ့တော့ အားလုံးဖြေပေးလိုက်ပြီလို့ အခု မနက်မှာ သိရပါတယ်။ ကျွန်တော်က ဒီဖြစ်စဉ်မှာ အစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးအနေနဲ့ လုပ်ပိုင်ခွင့်တွေကိုကျော်ပြီး ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ လူမှုရေး ရှုထောင့်ကနေ မေတ္တာရပ်ခံခဲ့တာပါ" ဟု ဦးနေမျိုးကျော်က The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၃ ရက် နံနက်က ပြောကြားသည်။
မင်းဘူးမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ဥပဒေပညာရှင် တစ်ဦးဖြစ်သည့် ဦးတင်အောင်ထွန်းက "ဒီကိစ္စကြီးကို Facebook ပေါ်မှာ တွေ့လိုက်ရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ရဲနဲ့ အကျဉ်းဦးစီးဘက်ကတော့ ဒါဟာ လုံခြုံရေးအရ လုပ်တာလို့တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသွေးနု သားနုနဲ့ အကျဉ်းသူ တစ်ဦးကို လက်ထိတ်တင်မကဘဲ သံကွင်းကြိုးကြီးနဲ့ပါချည်ပြီး သော့ကြီး ခတ်ထားတာကျ လူ့အခွင့်အရေးအရ လုံးဝမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ လူ့အခွင့်အရေး ပုံရိပ်ကိုပါ ထိခိုက်ပါတယ်။ ဒီလိုလုပ်တာဟာ လက်ရှိအစိုးရနဲ့ လွှတ်တော်တွေရဲ့ပုံရိပ်ကိုပါ ပြည်သူတွေက တစ်မျိုးမြင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလားလို့တောင် သံသယရှိပါတယ်။ သူတို့က လုံခြုံရေးအရ လုပ်ခဲ့တာပါ ဆိုရင်တောင် အဲဒီလို တင်းတင်းကျပ်ကျပ် မလုပ်ခဲ့လို့ လွတ်သွားခဲ့သူတွေ ဘယ်လောက် များနေပြီလဲလို့ မေးခွန်းထုတ်ချင်ပါတယ်" ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး "ကျွန်တော်တို့ အဆင်ပြေအောင် အခုလုပ်ပေးထားပါတယ်။ လက်ထိပ်တို့ ခြေကျင်းတို့ ခတ်ရတယ် ဆိုတာလည်း သူကအကျဉ်းသူလေ။ အကျဉ်းဦးစီးကနေတစ်ဆင့် မီးဖွားဖို့ သရက်ဆေးရုံကို လွှတ်လိုက်တယ်။ ကျွန်တော်တို့ရဲ တပ်ဖွဲ့က လုံခြုံရေး ယူပေးရတာ။ ထုံစံအတိုင်းကတော့ ကျွန်တော်တို့က လုံခြုံရေးအရ လုပ်ရတာပါ။ အခုမွေးတဲ့ အခါမှာတော့ သက်တောင့် သက်သာဖြစ်အောင် စီစဉ်ပေးထားပါတယ်။ လက်ထိပ်တွေ ခြေကျင်းတွေ ခတ်မထားတော့ပါဘူး။ အခြေအနေ ကြည့်ပြီးတော့ ဆောင်ရွတ်မှာပါ။ အားလုံး အဆင်ပြေအောင် လုပ်ပေးမှာပါ။ သွေးနုသားနုလည်း ဖြစ်နေတော့ တတ်နိုင်သလောက် ဖြေလျော့ပေးမှာပါ" ဟု သရက်ခရိုင်ရဲမှူးက ပြောကြားသည်။
Writer:
အောင်သူငြိမ်း၊ သက်ပိုင်
No comments:
Post a Comment