Friday, November 4, 2016

ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီ ရုံးချုပ်တစ်ခုကို လက်နက်ကိုင် တစ်စုက ဗုံးခွဲမီးရှို့ဖျက်ဆီး၊ တန် ၂၁၀ ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံးကြီးနှင့် ဆက်စပ်မှုကြောင့် ဖြစ်နိုင်ဟု ကုမ္ပဏီတာဝန်ရှိသူ ပြောကြား


ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီ ရုံးချုပ်တစ်ခုကို လက်နက်ကိုင်တစ်စု၏ ဗုံးခွဲမီးရှို့ဖျက်ဆီး ခံရပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ဖားကန့်တွင် ကျောက်မျက်ကုမ္ပဏီ ရုံးချုပ်တစ်ခုအား လက်နက်ကိုင်တစ်စုက ဗုံးခွဲမီးရှို့မှု ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီဆိုက်ခွဲ နှစ်ရာကျော်မှ ယာဉ်ယန္တရား အပိုပစ္စည်းများ မီးလောင်ကျွမ်းသွားသည့်အတွက် ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးကြောင်း၊ မကြာသေးမီက တွေ့ရှိထားသည့် တန် ၂၁၀ ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံးကြီးနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မီးရှို့ခံရသည့် ကုမ္ပဏီမှာ ဆိပ်မူကျေးရွာ အုပ်စု၊ ယူမာကျေးရွာအနီးရှိ ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီ ရုံးချုပ်ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် လက်နက်ကိုင်အင်အား ၂၀ ခန့်က ဆိုင်ကယ်များဖြင့် ကုမ္ပဏီအတွင်း ၀င်ရောက်လာပြီး အဆောင်များနှင့် ယာဉ်များအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခြင်း၊ ဓာတ်ဆီလောင်း၍ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ရာ အရှိန်အဟုန်ဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ည ၁၁ နာရီခန့်တွင်မှ မီးညွန့်ကျိုးခဲ့ကြောင်း သိရသည်။

"ဖြစ်ပုံက သူတို့က ဆိုင်ကယ်စီးပြီးတော့ ၀င်လာတယ်။ ထမင်းစားဆောင်ကို အရင်ဝင်လာပြီးတော့မှ ထမင်းစားနေတဲ့ ပန်းကန်တွေ ယူပြီးတော့ ရိုက်ခွဲတာပေါ့နော်။ ပြီးတော့ လူတွေအကုန်လုံး ထွက်ထွက်ဆိုပြီးတော့ အကုန်လုံးကို ကွင်းပြင်မှာ ၀မ်းလျားမှောက်ခိုင်းထားတယ်။ ပြီးရင် ကားတွေကို မီးရှို့တယ်။ မိုင်းခွဲတယ်။ သူတို့လူအင်အားက နှစ်ဆယ်လောက်ရှိတယ်။ ဆိုင်ကယ်နဲ့လာကြတာ။ သေနတ်ကိုင်ထားတယ်။ ယန္တရားအပိုပစ္စည်း ဂိုဒေါင်နဲ့ တာယာဂိုဒေါင်နှစ်လုံး မီးရှို့ခံရတယ်။ တာယာက အလုံးနှစ်ရာကျော် မီးလောင်သွားတယ်။ တချို့တာယာတွေဆိုရင် တစ်လုံးတည်းနဲ့ သိန်းနှစ်ရာလောက် တန်တယ်။ ကားလေးစီး မီးလောင်တယ်။ ယန္တရား အပိုပစ္စည်းတွေလည်း ပြာပုံဖြစ်သွားပြီ။ ဆုံးရှုံးမှုတန်ဖိုးက တွက်လို့မရသေးဘူး။ သက်ဆိုင်ရာကိုတော့ ပြန်ရမှာလည်း မဟုတ်တော့ ငါးထောင်လောက်ပဲ တင်လိုက်တယ်။ တကယ်တမ်းက ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးပါတယ်။ အားလုံးက ဒေါ်လာနဲ့ ၀ယ်ထားတဲ့ ပစ္စည်းတွေချည်းပဲ။ စာရင်းဇယားတွေ အားလုံးလည်း မီးထဲပါသွားပြီ။ ဒီအချိန်က ပွင့်လင်းရာသီ အလုပ်ကောင်းတဲ့ အချိန်ဆိုတော့ ပစ္စည်းတွေ ပံ့ပိုးစီစဉ်ထားတာလေ" ဟု ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီ ရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ယာဉ်ယန္တရားပိုင်းဆိုင်ရာ တာဝန်ခံ ဦးစိုးသန်းက ပြောကြားသည်။

အဆိုပါ ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီ အနေဖြင့် ကုမ္ပဏီလုပ်ကွက် ဆိုက်ခွဲပေါင်း ၂၀၀ ကျော်ရှိပြီး တန် ၂၁၀ ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ထွက်ရှိထားသည့် ရတနာတောင်တန်း ကုမ္ပဏီနှင့်လည်း အကျိုးတူ လုပ်ကိုင်နေကြောင်း၊ ယခုမီးရှို့ခံရသည့် ကိစ္စမှာ အခြားအကြောင်းအရာ မရှိသည့်အတွက် အဆိုပါ ကျောက်ကြီးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။

"သူတို့က ဘာကိုလိုချင်တာလဲ။ ဒါက ပဏာမပဲ ရှိဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့မှာ ဆိုက်ခွဲ ၂၀၀ ကျော်လောက် ရှိပါတယ်။ ကျောက်ကြီးထွက်တဲ့ ကုမ္ပဏီကတော့ ရတနာတောင်တန်းပါ။ အဲဒီကုမ္ပဏီက မြေပဲရှိတယ် ယန္တရားမရှိဘူး။ လုပ်ငန်းပြန်စတဲ့ အချိန်မှာ ကျွန်တော်တို့က သူတို့ကို သွားပြီးတော့မှ ပူးပေါင်းပြီး တူးပေးပါတယ်။ အဲဒီလို သဘောပါပဲ။ အခု မီးရှို့ခံရတာဟာ ဒီကျောက်ကြီးနဲ့ သက်ဆိုင်မယ်လို့တော့ ထင်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကိစ္စကလွဲပြီး အခြားအကြောင်းအရာ မရှိဘူး" ဟု ဦးစိုးသန်းက ဆိုသည်။

ယခုကဲ့သို့ ယာဉ်ယန္တရားပစ္စည်းများစွာ ဆုံးရှုံးသွားသည့်အတွက် ယခုနှစ်ရာသီတွင် လုပ်ငန်းလည်ပတ်ရန် ခက်ခဲသွားသော်လည်း အခြားကုမ္ပဏီများ၏ အကူအညီဖြင့် ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီလိုဖြစ်သွားတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ တော်တော်ခက်သွားတယ်။ ခက်သွားတယ် ဆိုပေမယ့်လည်း ဘယ်လိုပြောမလဲ လည်ပတ်ရမှာပေါ့နော်။ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ကျွန်တော်တို့ ကုမ္ပဏီအတွက် ယန္တရားလည်ပတ်ဖို့ အကူအညီ တောင်းထားတာတွေရှိတယ်။ သူတို့ကလည်း အကုန်လုံး ကူညီမယ်လို့တော့ စကားရထားတယ်ပေါ့နော်။ ဖြစ်တာက ဖြစ်သွားပြီးပြီ။ ရှေ့ဆက်ပြီးပဲ လုပ်သွားရတော့မယ်" ဟု ဦးစိုးသန်းက ဆိုသည်။

ယခုကဲ့သို့ အမည်မသိ လက်နက်ကိုင် အဖွဲ့များက ကျောက်မျက်ကုမ္ပဏီများအား မီးရှို့မှုမှာ ဖားကန့်ဒေသတွင် မကြာခဏ ဖြစ်ပွားခဲ့သော်လည်း ယခုမီးရှို့ခံရမှုမှာ ဆုံးရှုံးမှုတန်ဖိုး အကြီးမားဆုံးဖြစ်ကြောင်း သိရသည်။

 

Writer: 

အောင်ဟိန်းမင်း

No comments: