Myo Yan Naung Thein Facebook အကောင့်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ရေသားထားသည့် စာသားများအား တွေ့ရစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်ထားသည့် စာများရေးသားခဲ့သည်ဟုဆိုကာ NLD ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ Myo Yan Naung Thein Facebook အကောင့်မှ အောက်တိုဘာ ၁၄ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်သည့်စာများ ရေးသားခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်း က တရားလိုပြုလုပ်၍ အောက်တိုဘာ ၃၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ရာ လှိုင်မြို့မရဲစခန်းက (ပ) ၁၀၈၉/ ၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး အကောင့်ပိုင်ရှင်ဖြစ်သည့် NLD မှ ဦးမျိုးရန်နောင်သိန်းကို ယနေ့ (နိုဝင်ဘာ ၃ ရက်) တွင် ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ ဖမ်းဆီးခဲ့ပြီး လှိုင်မြို့နယ် ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၄ ရက်နေ့က Myo Yan Naung Thein Facebook စာမျက်နှာတွင် ရေးသားဖော်ပြရာ၌ “ အရှက်ရှိတဲ့ ကာချုပ်မဟုတ်တော့ တာဝန်အရှိဆုံးဖြစ်ပါလျက် ခပ်တည်တည်ဘဲ မနုတ်ထွက်ဘူး၊ ပြည်သူ့အကျိုးစီးပွား အဓိက၊ ဘာညာဆိုပြီး ခပ်တည်တည်ပြောသေး၊ မျက်နှာပြောင်တိုက်တာလား အရှက်မရှိတာလား၊ ရှက်ရကောင်းမှန်း မသိတာလား” ဟူသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်သည့် စာသားများကို ရေးသားထားကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။
“ အောက်တိုဘာ ၃၁ ရက်မှာ အမှုဖွင့်တယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့် ဆိုသူက ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်တယ်။ ဘာကြောင့်ဖွင့်လည်းဆိုတော့ Myo Yan Naung Thein အကောင့်က ၁၀ လပိုင်း ၁၄ ရက်နေ့မှာ တင်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေဖျက်တဲ့စာတွေ ရေးသားခဲ့တဲ့အတွက် အဲဒီ့အတွက်ကြောင့် ၃၁ ရက်မှာ အမှုဖွင့်တယ်။ ဒီနေ့မှာတော့ ဗဟန်းမြို့နယ်က ယုဇနဟိုတယ်မှာ ဦးမျိုးရန်နောင်သိန်းကို ဖမ်းခဲ့တယ်။ အခု လက်ရှိမှာတော့ စခန်းမှာ အသေးစိတ်စစ်ဆေးနေတယ်။ မနက်ဖြန်တော့ သူ့ကို လှိုင်တရားရုံးမှာ ရုံးထုတ် ရမန်ယူမယ်”ဟု လှိုင်မြို့နယ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်က ပဲခူးမြို့နယ် NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးဌေးနိုင်၏ သမီးဖြစ်သူ မလင်းလဲ့လဲ့လှိုင်က ပြည်ခိုင်ဖြိုးပါတီမြို့နယ် အလုပ်အမှုဆောင် ဦးမြင့်အောင်၏ သမီးဖြစ်သူ မစန္ဒီမြင့်အောင်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook ၌ ညစ်ညမ်းစွာဆဲရေးတိုင်းထွာသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ပဲခူးမြို့ အမှတ် (၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခဲ့သည်။ ယင်းအပြင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ၏ Facebook အကောင့်နှင့် ပါတီ၏ Facebook အတုပြုလုပ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်သည်ဟုဆိုကာ ကိုရာပြည့်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်ပင် ဖမ်းဆီးတရားစွဲဆို ခံထားရသည်။ ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် NLD ပါတီမှ တာဝန်ရှိသူအချို့ကို Facebook တွင် တိုက်ခိုက်ဖော်ပြသည့်ပုံ တင်ခြင်းအတွက်ဟုဆိုကာ ငဖာအကောင့်ပိုင်ရှင် ကိုဇော်ဇော်ကို အောက်တိုဘာ ၁၀ ရက်က ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးလျက်ရှိသည်။ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ (MDCF) မှ ခေါင်းဆောင် ကိုထင်ကျော်ကိုလည်း ပုဒ်မ ၅၀၅ (က) ဖြင့် အောက်တိုဘာ ၂၆ ရက် ညနေပိုင်းတွင် နေအိမ်၌ ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိအချိန်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်မှုများ၊ အပြန်အလှန် တရားစွဲဆိုမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး ယင်းဥပဒေမှာ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများအပေါ် လူမှုကွန်ရက်တွင် တိုက်ခိုက်မှုများအတွက်သာ အသက်ဝင်သကဲ့သို့ဖြစ်နေပြီး သာမာန်ပြည်သူမျာအနေဖြင့် ယင်းပုဒ်မဖြင့် မိမိတို့နစ်နာမှုအတွက် တိုင်ကြားမှုများအပေါ် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ရာတွင် နှောင့်နှေးမှုများရှိသည့်အတွက်လည်းဝေဖန်ခြင်းခံနေရသည်။ ယင်းပုဒ်မဖြင့် အရေးယူရာတွင် အမှုတစ်ခုချင်းစီအပေါ်မူတည်၍ လုပ်ဆောင်ပုံကွာခြားမှုများ ရှိနေသည့်အတွက်လည်း ပြည်သူများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လျက်ရှိနေသည်။
ထို့အပြင် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပုဂ္ဂိုလ်များပါဝင်ပတ်သက်လာမှုသည် မြန်မာ့နိုင်ငံရေး၌ အာဏာလက်ဝယ်ရသူက အာဏာမဲ့သွားသူများအပေါ် နိုင်ငံရေးလက်စားချေမှု (Political Revenge) ကဲ့သို့ ပြုလုပ်သည့် အစဉ်အလာဆိုးတစ်ရပ် ဖြစ်ပေါ်လာမည်လားဟု စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း The Daily Eleven သတင်းစာ၏ အယ်ဒီတာအာဘော်တွင် နိုဝင်ဘာ ၂ ရက်ကရေးသားဖော်ပြခဲ့သေးသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ အများပြည်သူအတွက် တရားမျှတမှု မရှိသည့်အခြေအနေမျိုးဖြစ်နေပါက ပြင်ဆင်ပယ်ဖျက်မှုများကို လွှတ်တော်အနေဖြင့် ပြုလုပ်ပေးသင့်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။ လက်တလောအချိန်တွင် စုံစမ်းသိရှိရသော သတင်းများအရ NLD မှ ဦးမျိုးရန်နောင်သိန်း၏ အမှုနှင့်ပတ်သက်ပြီး အထက်အဆင့်ဆင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိနေကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့ကလည်း “ စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း” ဟူသော ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြသည့် သတင်းကြောင့် 7 Day Daily သတင်းစာ အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနှင့် သတင်းထောက်တစ်ဦးတို့ကို ရန်ကုန်တပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက (ပ) ၃၃၆/၁၆ ရာဇသတ်ကြီးပုဒ်မ ၁၃၁ ဖြင့် အမှုဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော်နှင့် ပြန်လည်ညှိနှိုင်းကာ တောင်းပန်ခဲ့သည့်အတွက် ပြေလည်မှုရရှိပြီး အမှုကိုရုပ်သိမ်းပေးခဲ့ကြောင်းလည်း သိရသည်။
No comments:
Post a Comment