Posted: November 5, 2016
အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ တရုတ်-မြန်မာ နယ်စပ် မြို့များဖြစ်သည့် ရွှေလီနှင့် ကြယ်ဂေါင် မြို့များတွင် တရားဝင် သွားလာသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် (BP/TBP)များကို တရုတ်ရဲများက ဆုတ်ဖြဲဖျက်ဆီးကာ ဖမ်းဆီးမှုများ ဖြစ်ပွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထိုကဲ့သို့ ဖမ်းဆီးရခြင်းနှင့် ပတ်သက်ပြီး မူဆယ်ခရိုင်မြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပြည်ပရေးရာဌာန၊ ဌာနမှူးဖြစ်သူထံသို့ နိုဝင်ဘာ ၄ ရက်နေ့စွဲဖြင့်လိပ်မူပြီး အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အကြောင်းကြားစာတွင် ဖော်ပြထားသည်မှာ အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက ကားဂိတ်နှင့် နေရာအချို့တွင် စစ်ဆေးခြင်းကိစ္စများ လုပ်ဆောင်ကာ မြန်မာနိုင်ငံမှ ထုတ်ပေးလိုက်သည့် နိုင်ငံကူးလက်မှတ်(BP/TBP) များကို ဆုတ်ဖြဲခြင်းများ လုပ်ဆောင်သည်။ ၄င်းနောက် ဖမ်းဆီးထိန်းသိမ်းပြီး မြန်မာနီုင်ငံသို့ ပြန်လိုပါက တရုတ်ယွမ်ငွေ တစ်ထောင် (မြန်မာ ကျပ်ငွေနှစ်သိန်းခန့်) ပေးဆောင်မှသာ ပြန်လွှတ်ခြင်းများ ရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန် ပေးပို့ထားကြောင်း သိရသည်။
အကြောင်းကြားစာထဲတွင် တရားဝင် BP/TBP ကတ်များ ကိုင်ဆောင်သွားလာနေသည့် မြန်မာနိုင်ငံသားများအပေါ် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ရပ်ကြောင့် ပြည်သူအကြား သဘောထားကွဲလွဲမှု မဖြစ်စေရန် မတရားဖမ်းဆီး ခံထားရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဆိုထားသည်။
ဦးကျော်ကျော်ထွန်းက “ကျွန်တော်တို့ကတော့ ကိုယ်နိုင်ငံသားတွေ အဖမ်းခံရပြီဆိုရင် သတင်းလာပို့ရင် အမြဲတမ်း ကန့်ကွက်စာပို့ပြီး ပြန်တောင်းတာပေါ့။ ဟိုဘက်က အကြောင်းပြန်တာတွေ ရှိတယ်။ ဒီဘက်က ပြောတဲ့အချိန်ကြမှ ပြန်လွှတ်ပေးတာရှိတယ်။ ကိုယ်တို့က ဟိုဘက်မှာ တစ်ခုခုဖမ်းခံရရင် ဒီဘက်ကနေ ပြည်ပရေးရာကို ချက်ချင်း လှမ်းအကြောင်းကြားရတယ်။ ပြည်ပရေးရာကနေ တချို့ကျ ပြန်လွှတ်ပေးတာပေါ့။ တချို့က မူးယစ်အမှုတွေနဲ့ ပတ်သက်ရင်တော့ တချိုက ပြန်စစ်ဆေးတာရှိတယ်။ အဲ့ဒီအခါကျရင် သူတို့က ပြန်အကြောင်းကြားတာ ရှိပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံမှ ထိုကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်သည့်အတွက် တစ်ဖက်နိုင်ငံသို့ ခရီးသွားလာမှု ရပ်တန့်သွားခြင်း မရှိဘဲ ပုံမှန်သွားလာလျက် ရှိကြောင်း ယင်းကဆက်လက်ပြောသည်။ ရွှေလီသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ အနေဖြင့် သတိနှင့် သွားလာနေရပြီး စစ်ဆေးရေး ပြုလုပ်သည့်နေရာများသို့ ရှောင်ကွင်းနေရသလို ညပိုင်းများတွင်လည်း အပြင်ထွက်ခြင်း မပြုလုပ်ကြကြောင်း မူဆယ်ဒေသခံများက ဆိုသည်။
စိုင်းဟန်
The Ladies News
No comments:
Post a Comment