နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
ရန်ကုန်မြို့ကြီးသည် အဘက်ဘက်မှ စည်းကမ်းပျက်ယွင်းနေပြီး တရားဥပဒေစိုးမိုးမှု လျော့နည်းကာ မြို့ပျက်ကြီးတစ်ခုအဖြစ် ရောက်ရှိနေကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက နိုဝင် ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဝေဖန်ခဲ့သည်။
ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာတင်သွင်းခဲ့သော “ရန်ကုန်မြို့တွင်း အများပြည်သူပိုင် လမ်းများပေါ်တွင် ဈေးရောင်း၍ အသက်မွေးနေသော ဈေးသည်များအား မြို့ပြအင်္ဂါရပ်နှင့်အညီ စနစ်တကျဈေးရောင်းချနိုင်ရန် ကောင်းမွန်သော အစီအမံများစီမံပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးရာတွင် ဒေါ်စန္ဒာမင်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့၌ နေထိုင်ကြသော ပြည်သူများသည် မြန်မာနိုင်ငံ၏ အထင်ကရမြို့တော်ကြီးတစ်ခုတွင် နေကြရသည့်အတွက် မြို့ကြီးတစ်ခု၏ အင်္ဂါရပ်နှင့်အညီ သတ်မှတ် ပြဋ္ဌာန်းထားသော ဥပဒေများကို လိုက်နာနေထိုင်ရမည်ဆိုသည်ကိုပင် မသိနားမလည်တော့သည့် အခြေအနေကိုပင် ရောက်ရှိနေသည်ကို တွေ့မြင်နေရကြောင်း၊ ယင်းအခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေနှင့် ထိန်းကျောင်းပေးရန် အချိန်ကျ ရောက်နေပြီဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“မြို့ကြီးတစ်မြို့ပေါ်မှာ နေထိုင်တယ် ဆိုတာ နေရာတိုင်း၊ ကဏ္ဍတိုင်းမှာ စည်းကမ်းတကျ နေထိုင်နိုင်ဖို့ ဥပဒေတွေကပြဋ္ဌာန်း ထားပြီးဖြစ်ပါတယ်။ လမ်းပေါ်ရောက်သွားတာနဲ့ ကားတွေရဲ့ စည်းကမ်းချိုးဖောက်ကာ ဥပဒေလိုက်နာမှုမရှိခြင်းတွေ၊ လမ်းဘေးဈေးသည်များ၏ ဥပဒေလိုက်နာမှုမရှိခြင်း၊ အမှိုက်ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ ရေသုံးစွဲမှုကိစ္စ အခြေအနေတိုင်းနေရာတိုင်းမှာ ဥပဒေကို လိုက်နာမှုမရှိကြတော့တာကို တွေ့ရပါတယ်။ အများပြည်သူပိုင်လမ်းများ၊ ပလက်ဖောင်းများပေါ်တွင် ငွေကြေးအရင်းအနှီး နည်းသူများကလည်းတစ်မျိုး၊ ငွေကြေးအရင်းအနှီးရှိပြီး ဥပဒေကို မထီမဲ့မြင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသူတွေက တစ်ဖုံရှိနေတာကို တွေ့ရပါတယ်” ဟု ဒေါ်စန္ဒာမင်းက ဆက်လက်ပြောကြားသည်။
ဥပဒေရှိပြီးသားနှင့် ဥပဒေကို မလိုက်နာခြင်းသည် ဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၀န်ထမ်းများ၏ ဥပဒေချိုးဖောက်မှုများအပေါ် အရေးယူမှု အားနည်းနေကြောင်း တွေ့ရှိရကြောင်း၊ ယခုအချိန်သည် ဥပဒေကို လိုက်နာရန် ပညာပေးရမည့်အချိန် မဟုတ်တော့ဘဲ ဥပဒေ ချိုးဖောက်သူများကို ထိထိရောက်ရောက် အရေးယူရမည့်အချိန်ဖြစ်ကြောင်း၊ ယင်းသို့မှမလုပ်လျှင် ရန်ကုန်မြို့ကြီးသည် အမှိုက်များစုပုံနေသောမြို့၊ ယာဉ်စည်းကမ်း အဖောက်ဖျက်ဆုံးမြို့တော်၊ ပြည်သူပိုင်လမ်းများပေါ်တွင် စီးပွားဖြစ် ကျူးကျော်ဈေးဆိုင်များနှင့် ပြည့်နှက်နေသော မြို့တစ်မြို့အဖြစ် မကြာမီ လက်ညှိုးထိုးခံရတော့မည် ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“ကျွန်မတို့နိုင်ငံမှာ တာဝန်ယူဆောင် ရွက်ရမယ့် ၀န်ထမ်းများအနေဖြင့် မ၀ံ့မရဲ ဖြစ်နေသည်ဆိုလျှင် ယင်းဝန်ထမ်းများနေရာတွင် အစားထိုး လဲလှယ်လုပ်ဆောင်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမယ့်အချိန် ဖြစ်နေပါပြီ။ တာဝန်ကို မထမ်းဆောင်နိုင်တဲ့၊ စွမ်းဆောင်ရည်မရှိတဲ့ မြို့နယ်မှ တာဝန်ရှိသူများကို နေရာအစားထိုး လဲလှယ်ဖို့ လိုအပ်နေပြီ” ဟု ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့သည်။
ထို့အတူ ပြည်သူပိုင်လမ်းများ၊ ပလက်ဖောင်းများပေါ်တွင် ဈေးရောင်း၍ ဘ၀ရပ်တည်နေသူများအတွက် စည်းကမ်းနှင့်အညီ အချိန်ပိုင်း ဈေးရောင်းချမည့်နေရာ၊ မိမိ ရောင်းချသည့် ပစ္စည်းများမှထွက်ရှိသော အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ရမည့် နေရာများကို စီစဉ်ဆောင်ရွက်ပေးရန် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ရှိကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
Writer:
ကျော်ထင်
Eleven
No comments:
Post a Comment