Saturday, November 5, 2016

ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရက ဆက်လက် အကောင်အထည်ဖော်မည်ဟုဆို

ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို စသည့်သုံးမြို့နယ်ပေါ်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့ သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော် ဇင်ဦး၏ ‘ရန်ကုန်မြို့သစ်စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်သို့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ’ မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် နှစ်အလိုက် တိုးပွားလာသည့် လူဦးရေအတွက် အိမ်ရာ၊ လူနေရပ်ကွက်၊ စက်ရုံအလုပ်ရုံနှင့် အခြားစီးပွားရေး လုပ်ငန်းများ တိုးချဲ့ရန်လိုအပ်နေကြောင်း၊  မြို့ပြလူဦးရေတိုးပွားလာမှုနှင့် လိုက်လျောညီထွေဖြစ်မည့် လူနေအိမ်ရာ၊ မြေနေရာများ တိုးချဲ့ရန်စီစဉ်ထားရှိခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် စီစဉ်ထားရှိခြင်းမရှိပါက ရန်ကုန်မြို့အနေဖြင့် ကြီးမားသည့်ပြဿနာများ ကြုံတွေ့လာရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန်က ဆိုသည်။

“ထို့ကြောင့် ရန်ကုန်မြို့ဖွံ့ဖြိုးမှုအတွက် မြို့သစ်တိုးချဲ့တဲ့ စီမံကိန်းနှင့်အတူ အိမ်ရာများအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်းက သင့်တော်သည့် အထောက်အကူပြု စီမံကိန်းတစ်ရပ် ဖြစ်မှာဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လက်ရှိရန်ကုန်မြို့၏ ဆိပ်ကမ်းဧရိယာအား အများပြည်သူ အပန်းဖြေအနား ယူနိုင်ရန်နှင့် နိုင်ငံတကာ ပြည်ပဧည့်သည်များ လည်ပတ်နိုင်ရန် ဆိပ်ကမ်းအလှ ဆွဲဆောင်မှုဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရန် စီစဉ်ဆောင်ရွက်နေရာတွင် လက်ရှိရန်ကုန်မြို့တော် ဆိပ်ကမ်းကို တောင်ဘက်စွန်းပင်လယ်ဝ၌ အဆင့်မြင့်နိုင်ငံတကာ ဆိပ်ကမ်းအဖြစ် ဆောင်ရွက်ရန်လျာထားကြောင်း၊ အဆိုပါရေနက်ဆိပ်ကမ်း အကောင်အထည် ပေါ်လာပါက ယခုမြို့သစ်စီမံကိန်းသည် အလွန်အချက်အချာကျသည့် စီးပွားရေး ဖွံ့ဖြိုးမှုကောင်းမွန်နိုင်သည့် မဟာဗျူဟာနေရာ ဖြစ်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းကမ်းခြေအနီးရှိ ပင်လယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို လျာထားစီစဉ်နေရာတွင် ယင်းစီမံကိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပင်လယ်ဆိပ်ကမ်း အစီအစဉ်များ အကောင်အထည် ပေါ်လာပါက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်တစ် ဖက်ကမ်းနေရာများသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ ဆက်စပ်ဇုန်ဧရိယာများတွင် ပြည်တွင်းပြည်ပ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်သွားလာသည့် မဟာဗျူဟာမြောက် မြေဧရိယာများအဖြစ် တည်ရှိမည်ဖြစ်သည့်အတွက် အလွန်လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့် စီမံကိန်းမြေဧရိယာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

“ဒါကြောင့် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မှုကို နှစ်အလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်အနောက်တောင် ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ကို ပူးပေါင်းအကောင်အထည်ဖော်ခွင့် ပြု ခဲ့ခြင်းဖြစ်သည်။

“ဒီစီမံကိန်းမှာ ပေးထားတဲ့ ကုမ္ပဏီတွေ အနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း အကောင်အထည်မဖော်နိုင်ရင် သတ်မှတ်ထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်မယ့် ကုမ္ပဏီများနဲ့ပဲ အလုပ်လုပ်ရပါမယ်။ အဓိက ဦးစားပေးကတော့ ပြည်သူလူထူရဲ့ လူနေမှုဘ၀တိုး တက်ရေးဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

“ရန်ကုန်မြို့သစ် စီမံကိန်းဖော်ဆောင်ရာတွင် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်သလို သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ အနာဂတ် အကျိုးစီးပွား မထိခိုက်အောင်လည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တရားဝင်ရပ်ဆိုင်းခဲ့ပြီးသော စီမံကိန်းဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်က အမြန်အကောင် အထည်ဖော်ပေးရန် ၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်တိုင်းလွှတ်တော်တွင် တင်ပြခဲ့ခြင်းကြောင့် တစ်ဖန်ပြန်လည် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီအား တာဝန်ပေးကာ အကောင်အထည်ဖော်မည်ဟု ပြီးခဲ့သည့်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် သြဂုတ်  ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် ယခင်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အသိပေးတင်ပြခဲ့ခြင်းဖြစ်ပြီး  စီမံကိန်းကို တိတ်တဆိတ်လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့မှုနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီအား ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခဲ့ခြင်း မရှိသည့်အပေါ် အဘက်ဘက်က ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက် တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းစီမံကိန်းကို ရုပ်သိမ်းကာ တရားဝင်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တရားဝင်ရုပ်သိမ်းခဲ့ပြီးဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြီးခဲ့သည့်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် တစ်ကျော့ပြန် အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည် ဖော်ပေးရေး” အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည်တင်သွင်းခဲ့သည်။ အဆိုအား ကန့်ကွက်သည့် ကိုယ်စားလှယ်များရှိသော်လည်း ထောက်ခံသူများ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ တစ်ကျော့ပြန် ပြန်စလာခဲ့သည်။

ထို့နောက် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ယခင်အစိုးရက တင်ဒါခေါ်ယူခဲ့ရာ ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd  နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့က တင်ဒါတင်သွင်းခဲ့ကြရာ ယခင်အစိုးရသက်တမ်းမကုန်မီ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ယင်းကုမ္ပဏီ သုံးခုစလုံးကို ပူးပေါင်းလုပ်ကိုင်ခွင့် ပြုထားခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရသစ်က ရန်ကုန်မြို့သစ် စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်သည်။

Writer: 

ကျော်ထင်

No comments: