အောက်တိုဘာ ၁၅ ရက်က ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာတွင် နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် ၂ အမြန်ယာဉ် နစ်မြုပ်ခဲ့မှုတွင် သေဆုံးခဲ့သော ဟုမ္မလင်းမြို့နယ်တွင် တာဝန်ကျနေသော ဆရာ ဆရာမများ၏ နေရာတွင် အစားထိုး ပြန်လည်ခန့်အပ်နိုင်ခြင်း မရှိသေးစဉ် အမြန်ယာဉ်နစ်မြုပ်ရာတွင် ပါဝင်ခဲ့ပြီး အသက်ရှင် လွတ်မြောက်ခဲ့သော ဆရာ ဆရာမများအား ၎င်းတို့နေထိုင်ရာ မြို့နယ်အသီးသီးတွင် ပြန်လည်ပြောင်းရွှေ့ ခန့်ထားခဲ့ကြောင်း သိရသည်။
“အမြန်ယာဉ်နစ်မြုပ်လို့ သေဆုံးတဲ့ ဆရာ၊ ဆရာမတွေ နေရာမှာ အစားထိုးခန့်တာ မရှိသေးပါဘူး။ ဒါ့အပြင် မသေဘဲ လွတ်လာတဲ့ ဆရာ ဆရာမတွေ အားလုံးကိုလည်း သူတို့ရဲ့မြို့နယ်တွေမှာ ပြောင်းရွှေ့ပြန်ချ ထားလိုက်ပါပြီ။ တိုင်းပညာက ပြောင်းပေးတာပါ။ ဒါပေမဲ့ သင်ကြားရေးမှာ နှောင့်နှေးမှုမရှိအောင် ဆရာ ဆရာမများတဲ့ ကျောင်းက ဆရာဆရာမတွေကို လိုနေတဲ့ ကျောင်းတွေမှာ ခဏတွဲပေးထားပါတယ်” ဟု ဟုမ္မလင်းမြို့နယ် ပညာရေးမှူး ဒေါ်စန္ဒာက ဆိုသည်။
“အမြန်ယာဉ်မြုပ်လို့ သေတာက ၁၇ ဦးလို့ကြားတယ်။ အဲဒီအတွက်လည်း အစားထိုး မခန့်ပေးနိုင်သေးဘဲ တချို့ဆရာ ဆရာမတွေကို ပြောင်းရွှေ့ပေးလိုက်တယ်ဆိုတော့ ကလေးတွေရဲ့ ပညာရေး နှောင့်နှေးမှာ စိုးရိမ်မိတယ်။ အခုတောင် နိုဝင်ဘာလ ရောက်နေပြီလေ။ ပြီးတော့ အများစုက ရွာတွေကဆိုတော့ ရွာဆိုတာမြို့ပေါ်လို ကျူရှင်ထားနိုင်ကြတာလည်း မဟုတ်ဘူး။ ကျောင်းကိုပဲ အဓိက အားကိုးပြီး တက်ကြရတာ။ ၀န်ထမ်းတွေ ဆရာ ဆရာမတွေ ခန့်အပ်ကတည်းက ဒေသခံတွေကို ဦးစားပေး ခန့်အပ်ခဲ့ရင် ဒီလို မဖြစ်နိုင်ဘူးလို့ ထင်မိပါတယ်” ဟု ဟုမ္မလင်း မြို့နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။
“သေဆုံးသွားတဲ့ ဆရာ ဆရာမတွေနေရာမှာ အမြန်ဆုံး အစားထိုးခန့်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတာ ရှိပါတယ်။ ဒါ့အပြင် တချို့ဆရာ ဆရာမတွေလည်း သူတို့ရဲ့မြို့ကို ပြောင်းရွှေ့ ပြန်ကျသွားတော့ ဒီဒေသက ကလေးတွေရဲ့ ပညာရေးမှာ နစ်နာမှုတွေ ဖြစ်နိုင်တာပေါ့လေ။ ဒါကြောင့် နောက်ကို ၀န်ထမ်းတွေ ဆရာ ဆရာမတွေ ခန့်တဲ့အခါ ဒီဒေသခံတွေကိုပဲ ဦးစားပေး ခန့်အပ်ဖို့ကိုလည်း တင်ပြသွားမှာပါ” ဟု ဟုမ္မလင်းမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။
“ကျွန်မတို့ကျောင်းကလည်း တစ်ယောက် သူ့မြို့ကို ပြန်ပြောင်းရွှေ့ကျသွားပါတယ်။ အခုဆိုရင် ကျွန်မတို့ကျောင်းမှာ မူလတန်းပြဆရာမ နှစ်ယောက်ပဲ ရှိတော့တယ်။ တစ်ယောက်က KG သင်တော့ ကျွန်မ တစ်ယောက်ပဲရှိတယ်” ဟု ကွန်းတောင်းကျေးရွာမှ မူလတန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။
အောင်စိုးမိုးကျော် အမြန်ယာဉ် ၂ နစ် မြုပ်ရာတွင် ဟုမ္မလင်းမြို့နယ်၌ တာဝန်ကျနေသော ဆရာ ဆရာမများ ၁၇ ဦး သေဆုံးခဲ့ပြီး ၂၇ ဦးအသက်ရှင် လွတ်မြောက်ခဲ့ကာ ၎င်းတို့အနက်မှ ၁၄ ဦးအား နေထိုင်ရာ မြို့နယ်အသီးသီးတွင် ပြန်လည်ပြောင်းရွှေ့ နေရာချထားပေးခဲ့သဖြင့် ဟုမ္မလင်းမြို့နယ်တွင် ယခုအချိန်၌ ဆရာ ဆရာမ နေရာပေါင်း ၃၁ နေရာ လစ်လပ်နေကြောင်း သိရသည်။
Writer:
မဖေငြိမ်း
Eleven
No comments:
Post a Comment