မန္တလေး၊ နိုဝင်ဘာ ၎
ဟိုတယ်လိုင်စင် ချထားမှု ယာယီ ရပ်ဆိုင်းထားသည့် မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင် လျှောက်ထားသူ ၁၁ ဦးကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်ရှိမှသာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
လက်ရှိအစိုးရသစ် လက်ထက်တွင် ဟိုတယ်လိုင်စင် ချထားပေးမှု မရှိသော်လည်း လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးမှု မရှိစေရန် လာရောက် လျှောက်ထားသည့် ၁၁ ဦးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မန္တလေးတွင် ဟိုတယ် အခန်းသည် ဧည့်သည် အရေအတွက်ထက် များပြားနေသဖြင့် ဟိုတယ်လိုင်စင် ချထားမှုကို ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းရှင် ၁၁ ဦးသည် ဟိုတယ် လုပ်ငန်းအတွက် အဆောက်အဦးစတင် တည်ဆောက်စဉ်က ဌာနတွင် ဟိုတယ် ဆောက်လုပ်ခွင့် လိုင်စင် လျှောက်ထားရမည် ဖြစ်သော်လည်း လျှောက်ထားခြင်း မရှိသဖြင့် ဒဏ်ရိုက် အရေးယူရန် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြထားကြောင်း ဦးစန်းယုက ပြောဆိုသည်။
စည်ပင်သာယာရေး ကော်မတီက အရေးယူပြီးလျှင် ဟိုတယ်များသို့ သွားရောက် စစ်ဆေးကာ သဘောထား မှတ်ချက်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“စဆောက်တုန်းကတော့ ရှောပင်းမောလ်၊ တိုက်ခန်း စသဖြင့် ဆောက်ပြီးတော့ ဟိုတယ်လုပ်ငန်း လုပ်ချင်လို့ လိုင်စင် လာလျှောက်ကြတာ။ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု မဆုံးရှုံးစေချင်လို့ ဟိုတယ် တည်ဆောက်ခွင့် အရင် လျှောက်သင့်တယ်”ဟု ဦးစန်းယုက ပြောကြားသည်။
စက်တင်ဘာလအတွင်းက ဟိုတယ် လုပ်ငန်းရှင်များ တင်ပြမှုကြောင့် ဟိုတယ် လိုင်စင် ချထားပေးမှု ကို ရန်ကုန်၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ အင်းလေး ဒေသတို့တွင် စိစစ်ကာ လိုင်စင် ချပေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မန္တလေးမြို့တွင်ယခင်က ဟိုတယ်နှင့် ဧည့်သည် မမျှသဖြင့် ခရီးသွားရာသီတွင် ဟိုတယ် အခန်းခများ မြင့်တက်ခြင်းများ ကြုံတွေ့ရပြီးနောက် နှစ်နှစ်အတွင်း ဟိုတယ်များ ဖွင့်လှစ်မှု ပိုများလာရာ ဈေးကွက် မျှသွားကြောင်း ခရီးသွားလာရေး လုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလအထိ ဟိုတယ်အရေအတွက် ၁၈၄ လုံး အခန်း အရေအတွက် ခုနှစ်ထောင်ကျော် ရှိပြီး စက်တင်ဘာလအတွင်းက ပြည်ပဧည့်သည် နှစ်သောင်းကျော် လာရောက် လည်ပတ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပုဂံဒေသတွင် ရှေးဟောင်း ဧရိယာနှင့် မလွတ်သည့် ဟိုတယ် အလုံး ၂ဝ ကျော်ကို တည်ဆောက်ခွင့် ရပ်ဆိုင်းထားရာ ဆက်လက် ဆောင်ရွက်နေသည့် ဟိုတယ် တစ်လုံးကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။
No comments:
Post a Comment