ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ပတ်သက်ဆက်စပ်မှုနဲ့ အဖမ်းခံထားရတဲ့ မြို့တော်ဝန်တစ်ဦးဟာ အချုပ်ခန်းအတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဒါဟာ ဖိလစ်ပိုင်မှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် မြို့တော်ဝန်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရခြင်းလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ခန့်တုန်းက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် သေနတ်ပစ်ခတ်မှု အတွင်းမှာ မြို့တော်ဝန်တစ်ဦး သေဆုံးခဲ့သေးတာ ဖြစ်ပါတယ်။
ယခုအချုပ်ခန်း အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မြို့တော်ဝန်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းက အယ်လ်ဘူရာမြို့ရဲ့ မြို့တော်ဝန် ရိုလန်ဒိုအက်စ်ပင်နိုဆာ ဖြစ်ပါတယ်။
မြို့တော်ဝန် ရိုလန်ဒိုအက်စ်ပင်နိုဆာဟာ အချုပ်ခန်းအတွင်းက ရဲအရာရှိတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာက သေဆုံးသွားခြင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။
မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး သံသယ ရှိသူတွေကို သတ်ဖြတ်သွားမယ့် သူ့ရဲ့မူဝါဒကို တစ်ဆင့်မြှင့်တင် ဆောင်ရွက်သွားမယ့် အကြောင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ကတိပြုခဲ့ပြီး မကြာမီမှာပဲ အခုလို မြို့တော်ဝန် အသတ်ခံရမှု ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
မူးယစ်ဆေးမှုနဲ့ ပတ်သက်ဆက်နွယ်သူတွေကို ဥပဒေ လမ်းကြောင်းထက် ကျော်လွန်အရေးယူတဲ့ ပေါ်လစီကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေး နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၀၀၀ ခန့်အထိ ရှိလာပြီ ဖြစ်ပါတယ်။
ယခုမြို့တော်ဝန် ရိုလန်ဒိုအက်စ်ပင်နိုဆာ အချုပ်ခန်းအတွင်း ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာဖြစ်ပြီး အချုပ်ခန်းအတွင်းကို လက်နက် ဘယ်လိုရောက်နေခဲ့သလဲ ဆိုတာကလည်း ပုစ္ဆာတစ်ပုဒ် ဖြစ်နေဆဲ ဖြစ်ပါတယ်။
မစ္စတာ အက်စ်ပင်နိုဆာဟာ သြဂုတ်လထဲတုန်းက ရဲတပ်ဖွဲ့ထံမှာ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ပြီး ပြန်လွတ်လာခဲ့ပေမယ့် နောက်ပိုင်းမှာ မူးယစ်ဆေးနဲ့ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ပြန်လည်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
Ref : BBC
No comments:
Post a Comment