Saturday, November 5, 2016

ရန်ကုန်တွင် ၁၀ လအတွင်း နှစ်ရက်လျှင် တစ်ဦးနှုန်း မိမိကိုယ်ကိုယ် အဆုံးစီရင်


ရန်ကုန်၊ နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေး၊ လူမှုရေး အဆင်မပြေမှုနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကြောင့် ယခုနှစ် ၁၀ လတာကာလအတွင်း နှစ်ရက်လျှင် လူတစ်ဦးနှုန်း မိမိကိုယ်ကိုယ် အဆုံးစီရင် သတ်သေမှုများ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် အကြောင်းအမျိုးမျိုးဖြင့် လူသေဆုံးသည့် သေမှုသေခင်း အမှုပေါင်း ၁၁၀၀ ကျော် ဖွင့်လှစ်စစ်ဆေးခဲ့ရာတွင် မိမိကိုယ်ကိုယ် အဆုံးစီရင် သတ်သေမှု ၁၈၀ ကျော် ရှိခဲ့သည်။

ယင်းအဆုံးစီရင် သတ်သေမှုတွင် ကြိုးဆွဲချ သေဆုံးမှု ၁၃၆ မှု၊ အဆိပ်သောက် သေဆုံးမှု ၃၆ မှု၊ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးကာ သေဆုံးမှု ခြောက်မှုအပြင် အမြင့်ပေါ်မှ ခုန်ချသေဆုံးမှု၊ ရေထဲခုန်ချ အဆုံးစီရင်မှုအချို့တို့ ပါဝင်ခဲ့ပြီး သေဆုံးသူ အများစုမှာ အမျိုးသားများဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ရောဂါဝေဒနာ ခံစားနေရသူတွေ၊ စီးပွားရေး အဆင်မပြေတဲ့သူတွေ စိတ်ညစ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင် သတ်သေမှု ဒီနှစ်ထဲမှာ အတော်ဖြစ်လာတယ်၊ တချို့က အရက်၊ မူးယစ်ဆေးဝါး သုံးစွဲပြီး စိတ်ဖောက်ပြန်ရာက ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ခဲ့တယ်။ စိတ်ညစ်နေသူ ရောဂါဝေဒနာခံစားနေရသူတွေကို မိသားစုနဲ့ ပတ်ဝန်းကျင်က နွေးထွေးနှစ်သိမ့်မှုတွေ ဆောင်ရွက်ပေးမှ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေ လျော့နည်းကျဆင်း လာမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယခုနှစ် ၁၀ လအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင် သတ်သေမှုများအပြင် ဓာတ်လိုက်မှုကြောင့် သေဆုံးသူ ၉၈ ဦး၊ ရေနစ်ရာမှ သေဆုံးသူ ၂၆၂ ဦး၊ အမြင့်ပေါ်မှ ပြုတ်ကျသေဆုံးသူ ၇၃ ဦး၊ မိုးကြိုးပစ်မှုကြောင့် သေဆုံးသူ ခုနစ်ဦး၊ ရထားကြိတ်ရာမှ သေဆုံးသူ ၂၁ ဦး၊ အမည်မသိ ဒဏ်ရာမရှိ သေဆုံးသူ ၇၂ ဦး၊ အမည်မသိ ဒဏ်ရာရှိ သေဆုံးသူ လေးဦး၊ အရက်အမူးလွန်ရာမှ သေဆုံးသူ ၁၅၃ ဦး၊ ရောဂါကြောင့် သေဆုံးသူ ၁၉၁ ဦး၊ ရုတ်တရက် ထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးသူ ၂၈ ဦး၊ မော်တော်ယာဉ်၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးသူ သုံးဦး၊ မြွေကိုက်ရာမှ သေဆုံးသူ နှစ်ဦး၊ တိုက်ပြိုမြေပြိုရာမှ သေဆုံးသူ သုံးဦး၊ ဆင်နင်းခံရ၍ သေဆုံးသူ တစ်ဦး၊ ဆေးမှားသောက်ရာမှ သေဆုံးသူ လေးဦး၊ အစာအဆိပ်သင့်ကာ သေဆုံးသူ ကိုးဦးနှင့် သစ်ပင်ပိရာမှ သေဆုံးသူ နှစ်ဦးတို့ ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The voice

No comments: