Wednesday, November 16, 2016

တရုတ် အဝယ်လိုက်၍ ဆန်ကြမ်းဈေးတက်၊ ဆန်ချောဈေးကျ




ရန်ကုန်၊ နိုဝင်ဘာ ၁၅

အကျဘက်သို့ ရောက်နေသော ဆန်သစ် ဈေးနှုန်းများသည် တရုတ်နိုင်ငံဘက်က အဝယ် ပြန်လိုက်လာခြင်းကြောင့် ဆန်ကြမ်း ဈေးနှုန်းများ အနည်းငယ်မြင့် တက်လာသော်လည်း ဆန်ချော ဈေးနှုန်းများမှာမူ ကျဆင်းလျက် ရှိကြောင်း ဘုရင့်နောင်နှင့် ဝါးတန်း ဆန်ဈေးကွက် အတွင်းမှ သိရသည်။

ဆန်ကြမ်း (အသစ်) ဈေးနှုန်းများ သည် စတင်ပေါ်ပေါက်စဉ်ကထက် တစ် အိတ်လျှင် ကျပ် ၅ဝဝ ခန့်မြင့်တက်၍ ဆန်ချော (အသစ်) တစ်အိတ်လျှင် ကျပ် ၃ဝဝဝ ခန့် လျော့ကျကြောင်း အဆိုပါ ဆန်ဈေးကွက်အတွင်းမှ သိရသည်။ 

“အခုမှ အသစ်စပေါ်တာဆိုတော့ ဆန်ကစိုထိုင်းဆလေးတွေ ရှိနေသေးတယ် ဆိုတော့ ဈေးက အတက်အကျ မငြိမ်ဘူး ဖြစ်နေတယ်။ နောက်ဆိုရင်တော့ ငြိမ်သွားမှာပါ”ဟု ဆန်ကုန်သည် ဦးအောင် မြင့်က ပြောဆိုသည်။ 

တရုတ်နိုင်ငံက ဝယ်ယူမှုများပြား လာခြင်းကြောင့် မူဆယ်ဈေးကွက် အတွင်းသို့ ဆန်အိတ်ရေဝင်ရောက်မှုသည် လည်း မြင့်တက်လာပြီး ယခင်ကတစ် ရက်လျှင် ဆန်တန်ချိန် ၁ဝဝဝ ခန့်သာ ဝင်ရောက်ခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ဆန်တန်ချိန် ၁၅ဝဝ ခန့်အထိ ဝင်ရောက်ကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ ဆန်ဈေးနှုန်းများမှာ ဆန်ကြမ်း (အသစ်) တစ်အိတ်လျှင် ကျပ် ၁၆,ဝဝဝ ခန့်နှင့် ကျိုက်လတ် ပေါ်ဆန်း (အသစ်) တစ်အိတ်လျှင် ကျပ် ၂၆,ဝဝဝ ခန့် ဈေးရှိကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။ 

No comments: