Wednesday, November 16, 2016

တစ်သိန်းတန် နာရီ ပြဿနာအတွက် မေတ္တာစာ




အလဲဗင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အကြားက ဒေါ်လာတစ်သိန်းတန် နာရီပြဿနာအပေါ် ကျွန်တော့်သဘောထား အမြင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ကျွန်တော့် အွန်လိုင်းလူမှုရေးကွန်ရက် စာမျက်နှာမှာ ကျွန်တော် ရေးတင်ခဲ့တယ်။ ကျွန်တော့် ရည်ရွယ်ချက်ကို မြင်တဲ့သူ ရှိသလို မမြင်တဲ့သူလည်း ရှိတယ်။ ဒါက သဘာဝပါ။ ကျွန်တော့်အရေးအသားက မရှင်းတာလည်း ပါကောင်းပါမယ်။ ကာယကံရှင်တွေ အနေနဲ့လည်း တစ်ဖက်ဖက်ကို ရပ်ကြည့်တာ ဒါမှမဟုတ် ချစ်စိတ်၊ မုန်းစိတ်အခံနဲ့ ကြည့်တာလည်း ပါမယ်။ အဲတော့ သဘောပေါက်တာက တစ်မျိုး ဖြစ်သွားရော။ ကျွန်တော်နဲ့ အရင်းနှီးဆုံး မိတ်ဆွေလို သဘောထားတဲ့သူ တချို့တောင် အဓိပ္ပာယ် ကောက်ယူမှု လွဲသွားသေးတာပဲ။

ကျွန်တော်က အလဲဗင်း ကိစ္စကျမှ ရေးပြီး အလဲဗင်းက ဒီပုဒ်မနဲ့ တရားစွဲထားတဲ့ ကိစ္စတွေ ဒီပုဒ်မနဲ့ပဲ တပ်က စွဲထားတဲ့သူတွေကျ ဘာလို့ မရေးလဲဆိုတဲ့ မေးခွန်းမျိုး မေးကြတယ်။ သူတို့မေးတာလည်း ကျိုးကြောင်းကျတယ်။ မေးသင့်တဲ့ မေးခွန်းလည်း ဖြစ်တယ်။ ခက်တာက သူတို့ ကျွန်တော် ဘာကိုပြောချင်တာလဲ ဆိုတာ မမြင်ကြတာပဲ။ မမြင်တာထက် ကိုယ့်ခံစားချက် ဟဒယနဲ့ ထိတဲ့အပိုင်းကိုပဲ ကောက်ယူ အဓိပ္ပာယ်ဖော်လိုက်တာ ပိုဖြစ်နိုင်တယ်။ ဒါကလည်း လူ့သဘာဝကိုး။ သတ္တုချကြည့်တော့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းရဲ့ သဘာဝကို မေ့ထားပြီး ရေးလိုက်မိတဲ့ ကျွန်တော့် တင်ပြပုံ အားနည်းချက်လို့ပဲ သုံးသပ်မိတယ်။

တကယ်တော့ ဒီ ၆၆(ဃ) ဆိုတဲ့ ပုဒ်မ ဘယ်လိုပေါ်လာသလဲဆိုတာ ကျွန်တော် ထပ်ရှင်းပြဖို့ လိုမယ်မထင်ဘူး။ ကျွန်တော့်ထက် ပိုသိကြတဲ့ သူတွေချည်းပါ။ နံပါတ်တစ်ကတော့ ဒီပုဒ်မ ရှိသင့်သလား၊ မရှိသင့်ဘူးလား ဆိုတဲ့ ကိစ္စပါ။ နံပါတ်နှစ်ကတော့ ဒီပုဒ်မနဲ့ လက်ရှိ တရားစွဲဆို ခံနေရတဲ့ သူတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့ ကိစ္စပါ။ နံပါတ်သုံးကတော့ ဒီပြဿနာမှာ တကယ်ကော လာဘ်ပေးလာဘ်ယူ မရှိခဲ့ဘူးလား၊ အရင်ကရော မရှိခဲ့ဘူးလား၊ လုံးလုံးကင်းစင်ရဲ့လား ဆိုတဲ့ ကိစ္စပါ။ နံပါတ်သုံးကိုတော့ ဒီနေရာမှာ မဆွေးနွေးတော့ဘူး။ တရားရုံးမှာ တကယ်တမ်း အစစ်ခံကြရင် ပေါ်လာမယ်။ တရားရုံးမှာ မပေါ်ခဲ့ရင်တောင် နောက်ပိုင်းမှာလည်း စုံစမ်းဖော်ထုတ်လို့ ရတယ်။ တကယ်ဆို စသုံးလုံးလို့ ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အလုပ်လုပ်နေရတော့မှာ။ ကိုယ့်အစိုးရ ဝန်ကြီးချုပ်တစ်ဦး အမှန်တကယ် လာဘ်ပေး၊ လာဘ်ယူ ကင်းရှင်းကြောင်း လက်တွေ့သက်သေပြဖို့ လုပ်ရမှာ။ ဝန်ကြီးချုပ်တစ်ဦးတည်းက အကွက်စေ့စေ့ ပြင်ဆင်ထားတဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။

ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချောက်တွန်းတာ မဟုတ်ဘဲ တကယ်လာဘ်စားခဲ့တာ ဆိုရင်တော့ လာဘ်စားခဲ့တဲ့ပုဂ္ဂိုလ်မှာ တာဝန်ရှိတယ်။ လာဘ်စားတဲ့ ကိစ္စမျိုးက သက်သေပြဖို့ တစ်ခါတလေ ခက်တတ်တယ်။ လာဘ်ပေးမှန်း မသိအောင် ပေးတဲ့နည်းတွေက အများကြီးကိုး။ ဥပမာ- ကျွန်တော် ဝန်ကြီးချုပ် ဖြစ်သွားတာနဲ့ ကျွန်တော်စီးနေတဲ့ Honda Fit ကားကို Lamborghini Veneno ပြိုင်ကားနဲ့ အလိုက်ပေးပြီး လာလဲတာမျိုးပေါ့။ ထားပါတော့လေ။ လာဘ်ပေး၊ လာဘ်ယူအကြောင်းက နောက်ထပ် ပြဿနာတစ်ခုပါ။ အခုပြောချင်တာနဲ့ ရောသွားမယ်။

ပထမအချက်ကို ပြောရမယ်ဆိုရင် ဒီပုဒ်မမျိုး ကျွန်တော်တို့ နိုင်ငံအတွက် လောလောဆယ် လိုအပ်တယ်လို့ ယူဆတယ်။ နောင် ပြည်သူတွေ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဒီ့ထက်ပို ယဉ်ပါးရင့်ကျက်လာရင်တော့ တစ်မျိုး စဉ်းစားပေါ့။ ဒါပေမဲ့ ဒီပုဒ်မကိုတော့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်နဲ့အညီ လိုအပ်သလို ဖြုတ်ပယ်၊ ပြင်ဆင်၊ ပြောင်းလဲသင့်တယ်လို့ ထင်တယ်။ အွန်လိုင်းလူမှုရေး ကွန်ရက်ကို သုံးပြီး ကိုယ်မထင်ရင် မထင်သလို ကိုယ်မုန်းတီးတဲ့ သူတွေကို ပုဂ္ဂိုလ်ရေး စွပ်စွဲ၊ အပုပ်ချ တိုက်ခိုက်မှုတွေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် လှုံ့ဆော်မှု၊ ခွဲခြားနှိမ်ချ ဆက်ဆံမှုတွေကို တားဆီးကာကွယ်ဖို့ ချက်ချင်းလုပ်လို့ ရတာက ဥပဒေ၊ စည်းကမ်းပဲ။ ဒါကြောင့် ဒီပုဒ်မ လိုကိုလိုအပ်တယ်။ ဒါပေမဲ့ ကျူးလွန်တဲ့ ဒါမှမဟုတ် စွပ်စွဲခံရတဲ့ ပြစ်မှုအလိုက် အာမခံပေးတဲ့ အဆင့်၊ အာမခံမပေးတဲ့ အဆင့်၊ အချုပ် ဒါမှမဟုတ် ထောင်ထဲထည့်တဲ့ အဆင့် စသဖြင့် ခွဲခြားသတ်မှတ်တာမျိုး၊ ထောင်ထဲ တန်းထည့်တာကို ဖြုတ်ပစ်တာမျိုး လုပ်သင့်တယ်။ ဒါ အွန်လိုင်းလူမှုရေးကွန်ရက်က တစ်ဆင့် တက်လာတဲ့ အမုန်းစကားတွေ၊ ပုဂ္ဂိုလ်ရေး ချောက်ချ၊ နှိပ်ကွပ်၊ ခြေထိုး၊ အပုပ်ချ၊ စော်ကား၊ စွပ်စွဲ၊ ဆဲဆိုမှုတွေကို တားဆီးဖို့ လက်တွေ့အကျဆုံး နည်းလမ်း။

ရေရှည်အတွက်ကတော့ မူကြို၊ မူလတန်းကစပြီး တက္ကသိုလ်၊ ဘွဲ့လွန် အဆင့်အထိ ပြည်သူ့နီတိ၊ ကျင့်ဝတ်၊ စည်းကမ်း၊ လူမှုဗေဒတွေကို အရွယ်အလိုက် သင်ပေးရမယ်။ မတူကွဲပြားမှုကို လက်ခံနားလည်ပေးတဲ့ အခြေခံ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ယဉ်ပါးသွားအောင် လေ့ကျင့် သင်ကြားပေးရမယ်။ လူသားဆန်ပြီး လူပီသတဲ့ နိုင်ငံကြီးသားတွေ ဖြစ်အောင် မြန်မာ့ရိုးရာ အုပ်စုဖွဲ့ ကစားနည်းတွေကအစ ပြန်ပြီး ဖော်ထုတ်သင်ကြားပေးရမယ်။ ဒါမျိုးကတော့ အချိန်ယူရမယ်။ ချက်ချင်းလုပ်ငန်း စရမယ်။ ရက်ရွှေ့နေရင်၊ စာသင်နှစ် ရွှေ့နေရင် ဘာမှ ကောင်းကျိုးမရှိနိုင်ဘူး။ သူများထက် အရာရာ နောက်ကျကျန်ခဲ့တာပဲ အဖတ်တင်မယ်။

ဒုတိယအချက်က လက်ရှိ ဒီပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့သူတွေ အပေါ် သဘောထား။ ယေဘုယျ ပြောရင်တော့ ဘယ်သူမဆို ကိုယ်စိုက်ထားတဲ့ အပင်ပဲ ကိုယ်ပြန်ရိတ်သိမ်းရတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ။ ကိုယ်ပြုသမျှ ကုသိုလ်ကံ၊ အကုသိုလ်ကံ ကိုယ့်ဆီပြန်လာမှာပဲ။ အတိတ်က ပြုထားခဲ့တာဖြစ်ဖြစ်၊ ပစ္စုပ္ပန်မှာ ပြုထားခဲ့တာဖြစ်ဖြစ် အတိတ်မှာရော ပစ္စုပ္ပန်မှာရော လာချင်တဲ့အချိန် ပြန်လာမှာပဲ။ တစ်ပါးသူအပေါ် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရင်၊ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံချောက်တွန်းရင် ခံရတဲ့သူက သူမဟုတ်ရင် မဟုတ်သလို တုံ့ပြန်မှာပဲ။ တုံ့ပြန်တဲ့အခါ သူ့ဘဝတစ်လျှောက်လုံး သူသင်ယူထားခဲ့တဲ့ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားနဲ့အညီ နည်းလမ်းတစ်ခုခု ရွေးချယ်မှာပဲ။ ရွေးချယ်တဲ့ နည်းလမ်းက သူ့အဆင့်အတန်းပဲ။ ဒါသိပ်ရှင်းတယ်။

အလဲဗင်းကိုယ်တိုင် သူ့အပေါ် စွပ်စွဲ၊ ပုတ်ခတ်တယ်၊ စောင်းမြောင်းတယ်၊ မဟုတ်မမှန် ရေးတယ်၊ ပြောတယ်လို့ ယူဆတဲ့ သူတိုင်းကို တရားစွဲထားတဲ့ အမှုတွေ ဘယ်လောက်ရှိသလဲ အစွဲခံရတဲ့သူတွေ ကိုယ်တိုင်ရော စာဖတ်ပရိသတ်ပါ သိပြီးသား။ သိအောင်လည်း သူ့သတင်းစာတွေကနေ စာမျက်နှာ အပြည့်နီးပါး ဖော်ပြခဲ့တာပဲလေ။ ဥပမာအားဖြင့် ဒီ ၆၆(ဃ) နဲ့ပဲ ဒါရိုက်တာမိုက်တီး၊ မေ့ဆေးအထူးကုဆရာဝန် ဒေါက်တာနိုင်ထူးအောင်၊ ကိုမြင့်မော်၊ သတင်းစာဆရာ စည်သူအောင်မြင့်တို့ကို ဖွင့်ထားတဲ့ အမှုတွေက ပူပူနွေးနွေးပဲ ရှိသေးတယ်။ ဟော... အခု အဲဒီပုဂ္ဂိုလ်တွေအပေါ် သူစွဲခဲ့တဲ့ ပုဒ်မနဲ့ပဲ သူ့ကို ရန်ကုန်တိုင်းအစိုးရက ပြန်စွဲနေပြီ။ ဒါ စောစောက ကျွန်တော်ပြောတဲ့ ကံ၊ ကံရဲ့အကျိုးပဲ။ ဒါ ရှင်းရှင်းလေးပဲ။ ကျွန်တော် ရှင်းပြစရာတောင်မလိုဘူး။ အဲလို အလဲဗင်းက စွဲခဲ့တာတွေကိုလည်း ကျွန်တော် သဘောမတူဘူး။ အဲဒီတုန်းက မပြောတာ အနေအထားချင်း မတူလို့။

တကယ်ဆို အလဲဗင်းက ကျွန်တော့်ကိုရော၊ ကွယ်လွန်သွားတဲ့ ကျွန်တော့်ဆရာကိုရော၊ ကျွန်တော်တို့ မီဒီယာကိုရော စွပ်စွဲတိုက်ခိုက်ခဲ့တာတွေ အများကြီး။ ကျွန်တော် စာနယ်ဇင်းကောင်စီ(ယာယီ) မှာ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတုန်းက ကောင်စီကိုရော၊ ကောင်စီဝင်တွေကိုရော ကျွန်တော့်ကိုပါ မကြာခဏ စွပ်စွဲတိုက်ခိုက်ခဲ့တယ်။ အဲလို စွပ်စွဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော့် ပုဂ္ဂိုလ်ရေးနယ်ပယ် အပြင် ကျွန်တော့်မီဒီယာပါ ထိခိုက်မှုတွေ အများကြီး ရှိခဲ့တယ်။ စာနယ်ဇင်းကောင်စီကို အယုံအကြည် မရှိဘူးလို့ သူတို့ပဲ ပြောခဲ့တယ်။ ဒါပေမဲ့ အခုဒီနေ့ သူတို့ကိစ္စမှာကျတော့ စာနယ်ဇင်းကောင်စီ(ယာယီ) က တစ်ဆင့် ပေါ်လာတဲ့ သတင်းမီဒီယာကောင်စီကို ကြားဝင်စေ့စပ်ပေးဖို့ တောင်းဆိုတယ်။ ဒီအချိန်မှာ ဝန်ကြီးချုပ်ဘက်ကနေရပ်ပြီး အလဲဗင်းကို ကျွန်တော် ဝင်တွန်းပေးလိုက်ရင် အရင်က သူတို့ ကျွန်တော့်အပေါ် စွပ်စွဲတိုက်ခိုက်ခဲ့သမျှ လက်စားပြန်ချေလို့ ရတယ်။ အလဲဗင်းက တရားစွဲခံခဲ့ရတဲ့သူတွေ၊ အလဲဗင်းကို မုန်းတဲ့သူတွေ၊ NLD အစိုးရနဲ့ ပါတီ ဘာလုပ်လုပ် ထောက်ခံတဲ့သူတွေ (အားလုံးကို မဆိုလိုပါ) လည်း လက်ခုပ်တီးမယ်။ ဒါပေမဲ့ ကျွန်တော် တည်ဆောက်ထားတဲ့ ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရပ်တည်ချက်နဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်က အဲလိုလုပ်ဖို့ ခွင့်မပြုဘူး။ အဲလိုလုပ်ရင် ကျွန်တော့်အဆင့်အတန်းကို ကျွန်တော့်ဘာသာ ချပစ်လိုက်တာနဲ့ အတူတူပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရတစ်ရပ်အတွက် ဒီ့ထက်ပိုကောင်းပြီး ပိုထိရောက်၊ ပိုသိမ်မွေ့တဲ့ တခြားနည်းလမ်းတွေ အများကြီးရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။

နောက်တစ်ခုက တပ်မတော်က လောလောဆယ် စွဲခဲ့တဲ့ ကဗျာဆရာ မောင်ဆောင်းခနဲ့ စွဲထားတဲ့ ကိုမျိုးရန်နောင်သိမ်း။ သူတို့နှစ်ယောက်ကလည်း လောကနိယာမ သဘောအရ သူတို့ပေးတဲ့အတိုင်း သူတို့ပြန်ရတယ် ဆိုပေမယ့် အဲလိုပြန်ပေးတဲ့သူက သူတို့လို လူပုဂ္ဂိုလ်၊ ဒါမှမဟုတ် တခြားအဖွဲ့အစည်း တစ်ခုခုဆို ပြဿနာ မရှိဘူး။ တပ်မတော် ဖြစ်နေတာ သိပ်မကောင်းဘူး။ တပ်မတော်က ဒီလိုတုံ့ပြန်လိုက်တဲ့အတွက် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ တက်သွားမလား၊ ကျသွားမလား ကျွန်တော် ပြောစရာတောင် မလိုဘူး။ လက်ရှိ တပ်မတော်ဦးစီးချုပ် အပါအဝင် တပ်မတော်မှာ အများကြီး စဉ်းစားတွေးခေါ်နိုင်တဲ့သူ တချို့ ရှိတယ်။ ကိုယ့်ဘာသာ စဉ်းစားကြည့်ရင် ပေါ်တယ်။ ဒီအချိန်၊ ဒီကာလမျိုးဆိုတာ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်အောင် တပ်မတော်ကိုယ်တိုင် ပြန်တည်ဆောက်ရမယ့် အချိန်။ ဒီလိုအရေးကြီးတဲ့ ကာလမျိုးမှာ တပ်မတော်ကိုယ်တိုင် ကိုယ့်အဆင့်အတန်းကို ကိုယ်ပြန်ချသလို ဖြစ်မသွားစေချင်ဘူး။ တပ်မတော်ဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် အရေးကြီးတဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်တဲ့အတွက် တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ တချို့ကိစ္စသေးသေးလေးတွေကို ပုဂ္ဂိုလ်ရေး ခံစားချက်နဲ့ မကြည့်ဘဲ တပ်မတော်တစ်ခုလုံးရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာအတွက် သဘောထားကြီးကြီး ထားပေးဖို့ မေတ္တာရပ်ခံပါရစေ။ ဒါတကယ့် စေတနာ စကားပါ။

ဒီနေရာမှာ သာမန်ပြည်သူ အချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း တိုင်ချက်ဖွင့်ကြ၊ တရားစွဲကြဆိုတဲ့ ကိစ္စက သိပ်မဆန်းဘူး။ ဒါသာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ပြောနိုင်တယ်။ စွဲတဲ့ပုဒ်မနဲ့ အကြောင်းအရာကို မူတည်ပြီး အများစိတ်ဝင်စားတဲ့ ထူးခြားဖြစ်စဉ် ဖြစ်ကောင်းဖြစ်သွားမယ်။ ဒါပေမဲ့ အစိုးရက လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုအပေါ် အမှုဖွင့်၊ တရားစွဲတာကျ သာမန်လူ၊ အဖွဲ့အစည်း အချင်းချင်းအကြား ဖြစ်တဲ့ ပြဿနာနဲ့ မတူတော့ဘူး။ အာဏာရှင်ခေတ်မှာတော့ အစိုးရ သို့မဟုတ် တပ်က သူတို့ကို အာခံတဲ့သူ၊ အမြင်ကပ်တဲ့သူ မှန်သမျှ ဖမ်းပြီး ထောင်ထဲထည့်လို့ ရအောင် မျှော့ကြိုးလို၊ သားရေကွင်းလိုနဲ့ တူတဲ့ ဥပဒေပုဒ်မတွေ ပြင်ဆင်ထားတယ်။ အဲဒီ ဥပဒေ ပုဒ်မတွေနဲ့ ထောင်ထဲရောက်ခဲ့တဲ့သူတွေ ဘယ်လောက်များခဲ့သလဲ။ အဲလိုလုပ်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ အဆင့်အတန်းက နိုင်ငံတကာ  မျက်နှာစာမှာ၊ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဘယ်နေရာ ရောက်ခဲ့သလဲ ပြန်ကြည့်လိုက်။ ဒီနေ့အထိ အဲဒီအကျိုးဆက်နဲ့ ဆိုးမွေကို အဲလို မလုပ်ခဲ့တဲ့ တပ်မတော် အရာရှိတွေ ဆက်ပြီး ခံစားနေရတာ မဟုတ်ဘူးလား။

ဒီနေ့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရ လက်ထက်မှာတော့ အဲလိုမျှော့ကြိုးလို ပုဒ်မဆိုးတွေနဲ့ ဘယ်သူ့ကိုမှ ဒုက္ခပေးတာ ကျွန်တော် မမြင်ချင်ဘူး။ အဲလိုလုပ်ရင် နှစ်ဖက်စလုံးအတွက်တင် သာမက တိုင်းပြည်နဲ့ ပြည်သူအတွက်ပါ အကျိုးဆက်က သိပ်မကောင်းဘူး။ လက်ရှိ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရအနေနဲ့ အတိတ်က အစိုးရ မဖြစ်ခင် အတိုက်အခံဘဝက ကိုယ့်အပေါ် ဖိနှိပ်ခဲ့တဲ့ ဥပဒေ၊ ပုဒ်မမျိုးကို ကိုယ်တိုင် အစိုးရ ဖြစ်လာတဲ့အချိန်မှာ ပြန်သုံးတာမျိုးက ကြည့်မကောင်းဘူး။ နောင်တစ်ချိန်မှာ ပြည်သူက စိတ်ပျက်၊ စိတ်နာသွားတာမျိုး ဖြစ်သွားနိုင်တဲ့အတွက် ဒီကိစ္စမှာ ကျွန်တော် ဝင်ပြောရတာ။ 

လောလောဆယ်သာ ပြုသူနဲ့ အပြုခံရသူတွေအပေါ် ချစ်စိတ်၊ မုန်းစိတ်နဲ့မို့ ထောက်ခံ၊ ဆန့်ကျင်နေကြတာ။ တကယ်တမ်း အဲဒီလို ချစ်စိတ်၊ မုန်းစိတ်တွေ၊ ပုဂ္ဂိုလ်ရေး ခံစားချက်တွေက ခွာကြည့်ရင် နှစ်ဖက်စလုံး အတွက်ရော၊ အစိုးရတစ်ရပ်၊ ပါတီတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အတွက်ရော ကောင်းကျိုးမရှိဘူး။

ဒီလိုပြောလို့ ခွင့်လွှတ်လိုက်ပါ။ အမှုရုပ်သိမ်းလိုက်ပါလို့ မဆိုလိုဘူး။ တရားမစွဲရဘူး၊ အမှုမဖွင့်ရဘူးလို့ မပြောဘူး။ ဒီ့ထက် ပိုသိမ်မွေ့ပြီး ပိုဆီလျော်တဲ့ ဥပဒေပုဒ်မမျိုး ဒါမှမဟုတ် ဒီ့ထက် ပိုကောင်းပြီး ပိုထိရောက်တဲ့ နည်းလမ်းမျိုး စဉ်းစားကြည့်ဖို့ မေတ္တာနဲ့ အကြံပြုလိုက်တာ။

ကျွန်တော့် သဘောထားက ရှင်းတယ်။ ဒီကနေ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေး လုပ်နေတဲ့ အချိန်မှာ အရေးတကြီး လုပ်စရာတွေ တင်းကျမ်းပြည့်နေတဲ့ အချိန်မျိုးမှာ ဘယ်သူ့ကို၊ ဘယ်အဖွဲ့အစည်းကိုမှ အသေးအဖွဲ ပုဂ္ဂိုလ်ရေးဆန်တဲ့ ကိစ္စတွေနဲ့ အချိန်ကုန် မခံစေချင်ဘူး။ ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း ကိုယ်တိုင်နဲ့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အစိုးရ၊ ကိုယ့်ပါတီ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်သူတွေအတွက် ရေရှည်ကြည့်ပြီး ပိုသိမ်မွေ့ထိရောက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ လိုလားတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်၊ လုပ်ကြံ၊ အပုပ်ချ၊ ချောက်တွန်းတာတွေကိုလည်း ဆန့်ကျင်တယ်။

ဒီနေရာမှာ ကျွန်တော် ဥပမာနှစ်ခု ပေးချင်တယ်။ ပထမ ဥပမာကတော့ ကျွန်တော်ငယ်ငယ်က ကျွန်တော့်မေမေ ကျွန်တော့်ကို ဆုံးမခဲ့တဲ့ စကား။ ကျွန်တော်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ကစားရင်း ရန်ဖြစ်တော့ မေမေက ကျွန်တော့်ကိုပဲ ဆူတယ်။ ကျွန်တော်က ဘာဖြစ်လို့ ကျွန်တော့်ကိုပဲ တစ်ဖက်သတ် ဆိုရတာလဲလို့ စောဒကတက်တယ်။ အဲတော့ ဆဲတာကို လုံးလုံးမကြိုက်တဲ့ မေမေက “သူက ဆဲလို့ မင်းကပြန်ဆဲရင် မင်းက ဆဲတဲ့သူနဲ့ တစ်တန်းတစ်စားတည်း ဖြစ်သွားမှာပေါ့” တဲ့။

နောက်ဥပမာကတော့ ဗုဒ္ဓဝင်ဇာတ်တော်ထဲက အဖြစ်အပျက် တစ်ခုပါ။ သိပ်ကြီးကျယ်၊ ကွာဟလွန်းနေရင်လည်း သည်းခံပြီး နားလည်ပေးကြပါ။ 

ဗုဒ္ဓဘုရားရှင်က အယူလွဲနေတဲ့ ပုဏ္ဏားကြီးတစ်ဦးကို ချေချွတ်ဖို့အတွက် ပုဏ္ဏားကြီးရဲ့အိမ်ကို နေ့စဉ် ဆွမ်းခံကြွတယ်။ ပုဏ္ဏားကြီးက ဘုရားရှင် ကြွလာတိုင်း ခွေးရှူးတိုက်လွှတ်တယ်။ ဆဲလွှတ်တယ်။ ဘုရားရှင်ကလည်း အဲဒါတွေကို ဂရုမထားဘဲ နေ့စဉ် မှန်မှန် ဆွမ်းခံကြွတယ်။ တစ်နေ့တော့ ပုဏ္ဏားကြီးက ဘုရားရှင်ကို မေးလျှောက်တယ်။ 

“ဟယ်... ရှင်ကြီး ဂေါတမ... ငါ ဒီလောက်ဆဲနေတာတောင် စိတ်မဆိုး၊ ဒေါသမထွက်ဘဲ ဘာ့ကြောင့် ငါ့အိမ်ကို နေ့စဉ်လာနေသလဲ... ငါဆဲတာကို မနာဘူးလား... လို့ မေးတယ်။

အဲဒီမှာ ဘုရားရှင်က “အသင်ပုဏ္ဏားကြီး သင့်အိမ်မှာ ဧည့်သည်လာတဲ့အခါ သင်ဧည့်ခံကျွေးမွေးတဲ့ ထမင်းနဲ့ဟင်းကို ဧည့်သည်က မစားဘဲ ပြန်သွားရင် အဲဒီထမင်းဟင်း ဘယ်သူပိုင်သလဲ” လို့ ပြန်မေးတယ်။

ပုဏ္ဏားကြီးက “ဧည့်သည်က မစားရင် ငါပဲပိုင်တာပေါ့” လို့ ပြန်ဖြေသတဲ့။ အဲတော့မှ ဘုရားရှင်က  “ဒါဆိုကောင်းပြီ...။ ငါဘုရားလည်း အသင်ပုဏ္ဏားကြီး ဆဲတဲ့ အဆဲတွေ မယူဘူး” လို့ ပြောလိုက်သတဲ့...။

ဥပမာနှစ်ခု ပေးရတာက လောဘ၊ ဒေါသ၊ မောဟ မကင်းကြသေးတဲ့ ကျွန်တော်တို့လို သာမန်လူတွေ အတွက်ရော တတ်နိုင်သလောက် သူတော်ကောင်းတရား ကျင့်ကြံဖို့လိုတဲ့၊ ကျင့်ကြံကြရမယ့် ရေရှည်ကို မျှော်တွေးနိုင်တဲ့ ခေါင်းဆောင်တွေ၊ ပြည်သူ့အစိုးရတွေ၊ လူပုဂ္ဂိုလ်တွေ အတွက်ပါ ရည်ရွယ်ချင်လို့။ 

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက အလဲဗင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒီပုဒ်မနဲ့စွဲလို့ ကျွန်တော် ဝင်ပြောနေတာ မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက အလဲဗင်းလည်း မဟုတ်ဘူး။ ဝန်ကြီးချုပ်လည်း မဟုတ်ဘူး။ အစိုးရနဲ့ မီဒီယာအကြားက ပြဿနာလည်း မဟုတ်ဘူး။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်အတွက်၊ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုရမယ့်၊ ပြည်သူကို ကိုယ်စားပြုနေတဲ့ အစိုးရတစ်ရပ်အတွက် နောက်ဆုံးပြောရရင် ဒီနိုင်ငံနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အဆင့်အတန်းအတွက် ပြောနေတာ။ 

အထူးသဖြင့် ကိုယ်တိုင်ခံခဲ့ရတဲ့ ဥပဒေ၊ ပုဒ်မမျိုးနဲ့ ကိုယ်တိုင် အစိုးရ ဖြစ်လာတဲ့အခါ အဲဒီ ဥပဒေ၊ ပုဒ်မကို သုံးပြီး ပြန်အမှုဖွင့်တာမျိုးက ကိုယ်နဲ့ ကိုယ့်ပါတီ၊ အစိုးရအပေါ် မေးခွန်းထုတ်စရာ ဖြစ်သွားမှာ စိုးတာပဲ။ အရင်အာဏာရှင် အစိုးရတွေနဲ့ ဘာထူးမှာလဲဆိုပြီး ဒီအချက်ကိုကိုင်ပြီး နိုင်ငံရေး လက်နက်လို အသုံးခံရမှာစိုးလို့၊ လောလောဆယ် အချစ်လွန်ပြီး အချစ်စိတ်နဲ့ အရာရာ ခွင့်လွှတ်ပေးနေတဲ့ မဲဆန္ဒရှင် ပြည်သူလူထုက နောင်မှာ ဒီအချက်ကို စိတ်ပျက်လက်ပျက် ဖြစ်မသွားစေချင်လို့ အစိုးရတစ်ရပ်အတွက် စေတနာနဲ့ မေတ္တာရပ်ခံနေတဲ့ မေတ္တာစာပဲ။ ဒီမေတ္တာကို မေတ္တာစိတ်အခံနဲ့ ဖတ်ကြည့်ကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေ။

ကျော်မင်းဆွေ

No comments: