ထိုင်းနိုင်ငံသို့ သွားရောက်မည့် မြန်မာများကို တွေ့ရစဉ်
မြ၀တီခရိုင်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်၊ မယ်ရမတ်၊ ဖုတ်ဖရာ့ စသည့်မြို့နယ် သုံးမြို့နယ်သို့ မြန်မာနိုင်ငံသားများအား ခြောက်ညအိပ် ခုနစ်ရက် သွားရောက် လည်ပတ်ခြင်း အစီအစဉ်ကို အောင်တိုဘာ ၁ ရက် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ခွင့်ပြုခဲ့သော်လည်း ထိုင်းရဲများ၏ ဖမ်းဆီးခံရခြင်း၊ ငွေကြေးတောင်းခံမှုများကို ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
ထိုင်းနိုင်ငံတာ့ခ်ခရိုင် အတွင်းရှိ မဲဆောက်၊ မယ်ရမတ်၊ ဖုတ်ဖရာ့ စသည့် မြို့နယ်သုံးမြို့ နယ်သို့ သွားလာရန် မဆိုထားနှင့် မဲဆောက်မြို့နယ် မယ်ပ၊ မယ်ကု ကျေးရွာများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အဖမ်းအဆီး၊ ငွေကြေးတောင်းခံမှုကို ခံနေကြရသည်ဟု ဆိုသည်။
ထို့ပြင် နှစ်ဖက်တာဝန်ရှိသူများ သဘောတူညီချက်အရ မြ၀တီခရိုင် အတွင်းနှင့် ထိုင်းနိုင်ငံ သုံးမြို့နယ်အတွင်း အပြန်အလှန် သွားလာခွင့်အား အောက်တိုဘာ ၁ ရက်တွင် ခွင့်ပြုခဲ့သော်လည်း လက်တွေ့၌ ထိုင်းနိုင်ငံဘက်တွင် အသက်ဝင်မှု မရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌက ပြောကြားသည်။
မြ၀တီ-မဲဆောက် ညီအစ်မမြို့တော် အဖြစ်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ နယ်စပ်စီးပွား ကုန်သည်များ၊ အလုပ်သမားများ ကူးသန်းသွားလာမှု လွယ်ကူစေရန် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ခြောက်ညအိပ် ခုနစ်ရက် ခွင့်ပြုခဲ့သော်လည်း သက်ရောက်မှု မရှိဘဲ မြန်မာနိုင်ငံသားများ အဆင်မပြေမှုနှင့် ကြုံတွေ့နေရခြင်းနှင့် ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက “သုံးမြို့နယ်အတွင်းကို သွားဖို့နေနေသာသာ မဲဆောက် အပြင်ဘက်ကို ရောက်ရင်တောင်မှ ယင်းဒေသမှာ အခြေစိုက်နေတဲ့ ထိုင်းရဲတွေက ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေရှိတယ်။ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းအတိုင်း မလုပ်ဘဲ ငွေရလိုမှု ပြုမူဆောင်ရွက် နေကြတဲ့အတွက် မြ၀တီ ကလာတဲ့ ကုန်သည်တွေ အလုပ်သမားတွေ စိတ်အနှောင့်အယှက် ဖြစ်နေကြပါတယ်” ဟု နိုဝင်ဘာ ၆ ရက်က ပြောကြားသည်။
ယခင်က ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်မြေလုံခြုံမှုအရ ခြောက်ညအိပ် ခုနစ်ရက် သွားလာမှုကို ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း -ရနောင်း ဘက်မှာတော့ ထိုင်းနဲ့ စာချုပ်ထားပြီးကတည်းက သွားလာခွင့် ပြုခဲ့တာဖြစ်ပါတယ်။ မဲဆောက်၊ မယ်ရမတ်၊ ဖုတ်ဖရာ့မြို့ နယ်သုံးခုကို ခြောက်ညအိပ် ခုနစ်ရက်သွား လာခွင့်ကို အခုမှ ခွင့်ပြုတယ်ဆိုပေမယ့် မြန်မာလုပ်သားတွေအတွက် ပိုပြီးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” ဟု မြ၀တီချစ်ကြည်ရေး တံတားမှ တာဝန်ခံအရာရှိက ပြောကြားသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ မဲဆောက်အပါအ၀င် သုံးမြို့နယ်သို့ သွားလာလည်ပတ်နိုင်သလို ထိုင်းနိုင်ငံသားများ အနေဖြင့်လည်း မြန်မာနိုင်ငံ မြ၀တီခရိုင်ဘက်သို့ ခြောက်ညအိပ် ခုနစ်ရက် လာရောက် လည်ပတ်နိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရာလမ်းတွင် တာ့ခရိုင်အထွက် စစ်ဆေးရေးဂိတ်၌ အထောက်အထား ခိုင်လုံမှုမရှိသည့် မြန်မာနိုင်ငံသားများမှာ အဆိုပါဂိတ်အား ဖြတ်ကျော်သွားလာနိုင်ခြင်း မရှိသော်လည်း မြ၀တီ အထွက်တွင် စနစ်ကျပြီး အဂတိကင်းစင်သည့် လုံခြုံရေး စစ်ဆေးရေးဂိတ် မရှိသဖြင့် မလိုအလားအပ်သော ပြဿနာများ ကြုံတွေ့လာရမည်ကို စိုးရိမ်ကြောင်း ချစ်ကြည်ရေး တံတားတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။
Writer:
ရွှေသိန်း (မြ၀တီ)
No comments:
Post a Comment