Monday, November 7, 2016

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ သုံးဘီလျံကျော်ရှိပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ကျဆင်းနေ

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၃ ဒသမ ၃ ဘီလျံကျော်ရှိပြီး တရုတ်နှင့် နယ်စပ် ကုန်သွယ်မှု အများဆုံးဆောင်ရွက်သည့် မူဆယ်စခန်းမှ ကုန်သွယ်မှု ကျဆင်းနေကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၃၇၁ ဒသမ ၂၁၄ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၂၀၆ ဒသမ ၃၀၂ သန်းရှိခဲ့သဖြင့် လက်ရှိ ဘဏ္ဍာနှစ်အတွင်း မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၆၄ ဒသမ ၉၁၂ သန်း ပိုမိုကုန်သွယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရန် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံနယ်စပ် ကုန်သွယ်ရေးစခန်းများကို ဖွင့်လှစ်ထားသည်။ အဆိုပါ စခန်းများအနက် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံစခန်းတို့မှ ကုန်သွယ်မှုပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။

မူဆယ်စခန်းမှ ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် ဒေါ်လာ ၄၆  သန်းကျော်နှင့် ကျိုင်းတုံစခန်းမှ ဒေါ်လာ ငါးသန်းကျော် လျော့ကျခဲ့သည်။ ကျန်နယ်စပ် စခန်းများမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ - အိန္ဒိယ၊ မြန်မာ - ထိုင်း၊ မြန်မာ - တရုတ်၊ မြန်မာ - ဘင်္ဂလားဒေ့ရှ်တို့နှင့်  နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ကြောင်းသိရသည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ် ကုန်သွယ်မှုပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြ၀တီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ် ကူးသန်းရောင်းဝယ်ရေးစခန်း ၁၅ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှု ကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၂၈ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၄၁၄၉ ဒသမ ၇၄၃ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုပမာဏထက် ဒေါ်လာ ၃၂၁ ဒသမ ၄၃၄ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

Writer: 

မင်းသီဟဇော်

No comments: