ရုံးစာအတုပြုလုပ်သည်ဟု ဆိုကာ ဦးဝင်းထိန်၏ တရားစွဲဆိုခံထားရသည့် ကိုအောင်မြင့်ထွန်း (ခ) ကိုဖိုးထောင် တရားရုံးထုတ်တွင် ပြုလုပ်မည့် ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)ပြင်ဆင်ရေး လှုပ်ရှားမှု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးသို့ အသွားတွင် တားမြစ်ခံရကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)ပြင်ဆင်ရေး လှုပ်ရှားမှု အဖွဲ့အနေဖြင့် ကိုအောင်မြင့်ထွန်း(ခ) ကိုဖိုးထောင် တရားရုံးထုတ်တွင် လူထုလှုပ်ရှားမှု အနေဖြင့် စတစ်ကာဝေခြင်း၊ လက်ကမ်းစာစောင်များ ဝေရန် ရည်ရွယ်ထားသော်လည်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီခွဲအထိ တားမြစ်ခံရကြောင်း ဆိုသည်။
အဆိုပါလှုပ်ရှားမှု ဦးဆောင်သူ မောင်ဆောင်းခက “ကျွန်တော်တို့ကို လုံးဝခွင့်မပေးဘူး။ လုံးဝကို သွားခွင့်မပေးဘူး။ ၁၂ နာရီလောက်ကြမှ ကိုဇေယျာသော်က လုပ်ပေးတယ်။ ကိုဇေယျာသော် လွှတ်လိုက်တဲ့သူ ရောက်လာတယ်။ သူက ညှိပေးတယ်။ ညှိပေးပြီးတော့ ဘာထပ်ပြောလဲဆိုရင် တရားရုံးကို သွားခွင့်ပေးမယ်။ လူထုလှုပ်ရှားမူလုပ်လို့ မရဘူး။ အဲ့ဒါလုပ်ရင် ပုဒ်မ-၁၈ နဲ့ ဆွဲမယ်။ လက်ကမ်းစာစောင်ဝေရင် ပုံနှိပ်ဥပဒေနဲ့ ထပ်ဆွဲမယ်လို့ ခြိမ်းခြောက်တာခံရတယ်” ဟု ပြောသည်။
ထို့သို့ ပြောဆိုပြီးနောက် ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)ပြင်ဆင်ရေး လှုပ်ရှားသည့် အဖွဲ့အနေဖြင့် လူထုလှုပ်ရှားမှု မပြုလုပ်ဘဲ ကိုအောင်မြင်ထွန်း(ခ) ကိုဖိုးထောင် တရားရုံးထုတ်သွားမည်ဟု လက်ခံလိုက်ကြောင်း ဆိုသည်။ သဘောတူညီမှု လက်ခံသည့်တိုင် တရားရုံးအသွား လမ်းတလျှောက်တွင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ကိုယ်တိုင်လိုက်ပါပြီး လမ်းတစ်လျှောက်တွင် လူထုလှုပ်ရှားမှု မပြုလုပ်နိုင်ရန် ထိန်းချူပ်ခြင်းများ ရှိကြောင်း ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်မှ ပါတီက နုတ်ထွက်ခွင့်ပြုကြောင်း ရုံးစာအတု ထွက်ပေါ်ခဲ့သည်။ အဆိုပါ ရုံးစာအတု ကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရန် နေပြည်တော် CID ကို တိုင်ကြားထားကြောင်း ဦးဝင်းထိန်မှ အင်တာဗျူးတစ်ခုတွင် ဖြေဆိုခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်ညနေပိုင်းက ကိုအောင်မြင့်ထွန်း(ခ)ကိုဖိုးထောင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ကိုအောင်မြင့်ထွန်း(ခ)ဖိုးထောင် အား နေပြည်တော် အမှတ်(၁) မြို့မရဲစခန်းမှ (ပ)၁၆၁/၂၀၁၆။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း ဆိုသည်။ သိုရာတွင် ပထမရုံးချိန်းတွင် ထပ်တိုးပုဒ်မများအနေဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀၊ ၄၆၈ ထပ်တိုး စွဲဆိုခံထားရကြောင်း မောင်ဆောင်းခ ကဆိုသည်။
မောင်ဆောင်းခက “အခု ဒုတိယရုံးချိန်း ဖြစ်တယ်။ သူ့အမှုကို ၄၂၀၊ ၄၆၈ ရော၊ ပြီးခဲ့တဲ့ရုံးထုတ်မှာ တင်တာဖြစ်တယ်။ ဒီနေ့စစစ်တယ်။ ဒီဘက်ရှေ့နေ ပါဝါတင်တယ်။ တရားလိုကို စ- စစ်တယ်။ စစ်တဲ့တရားလိုကတော့ ဥတ္တရခရိုင်က NLD အမှုဆောင်တစ်ဦးပဲ။ သူ့ကို ဦးဝင်းထိန်က တာဝန်ပေးချက်အရ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဒီနေ့ထွက်ဆိုတယ်။ နောက်တစ်ပတ် ၁၅ ရက်နေ့ ရုံးထုတ်မှာဖြစ်တယ်”ဟု ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ၆၆(ဃ)ပြင်ဆင်ရေး လူထုလှုပ်ရှားမှုအဖွဲ့သည် အဆိုပါ ဥပဒေဖြင့် တရားစွဲဆို ခံရထားသူများ၏ တရားရုံးချိန်းတွင် ၄င်းဥပဒေ ပြင်ဆင်ပေးရန် လူထုလှုပ်ရှားခြင်းများ ပြုလုပ်ကြောင်း သိရသည်။
ဓာတ်ပုံ-Naing Ko Thu ဖေစ်ဘုတ်
စိုင်းဟန်
The Ladies News
No comments:
Post a Comment