ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank)မှ ဘဏ်ချေးငွေဖြင့် အိမ်ရာဝယ်ယူမည့် သူများအတွက် ချေးငွေပြန်လည် ပေးဆပ်ရမည့် ကာလကို ၁၀ နှစ်သို့ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခင်က ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကို ၈ နှစ် သတ်မှတ်ပေး ခဲ့သော်လည်း ပြန်လည်ပေးဆပ်ရာ တွင် အဆင်ပြေစေရန် ယင်းသို့ ပြင်ဆင် သတ်မှတ်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ဘဏ်ချေးငွေဖြင့် အိမ်ရာ ၀ယ်ယူမည့်သူများသည် ဘဏ်မှ ချေးငွေရယူ ထားသော ၇၀ ရာခိုင်နှုန်းကို ၁၀ နှစ်အတွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။
အိမ်ရာဝယ်ယူနိုင်ရန် Housing Saving Account ကို ငွေကျပ် တစ်သောင်းဖြင့် စတင်စာရင်းဖွင့်နိုင်ပြီး ငွေစာရင်းတွင် မိမိဝယ်ယူမည့် အိမ်ခန်းတန်ဖိုး၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိပြီး မိသားစုဝင်ငွေ အနည်းဆုံး ကျပ် သုံးသိန်းခွဲရှိပါက အိမ်ခန်းကို အရစ်ကျ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း CHDB ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြင့်မြင့်မူက ပြောကြားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ထုတ် ချေး ထားသော ငွေစုစုပေါင်းကျပ် ၁၃၀ ဘီလီယံကျော်ရှိပြီး အိမ်ရာဝယ် ယူလိုသူများအား ချေးငွေကျပ် ၃ ဘီလီယံ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှု ဦးစီးဌာနအတွက် ၇၂ ဘီလီယံ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် ၁၀ ဘီလီယံနှင့် အခြားချေးငွေများအဖြစ် ဆောက် လုပ်ရေး လုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးထားပြီး စုစုပေါင်း ၁၃၂ ဘီလီယံ ထုတ်ချေးထားကြောင်း ထုတ်ပြန်ထားကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများကို နှစ်နှစ်အတွင်း ဆက်လက် တည်ဆောက်ပေး သွားမည်ဖြစ်ရာ အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသ ကြီးတွင် မင်္ဂလာဒုံ မြို့နယ် ပျဉ်းမပင်၊ သန်လျင်မြို့နယ် စက်မှုတက္ကသိုလ်အနီး၊ ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်များအတွင်း တိုက်ခန်းပေါင်း ၈,၀၀၀ ကျော်ကို အကောင်အထည် ဖော်ဆောင်ပေးမည်ဟု ဆိုသည်။
ဝသန်
The Ladies News
No comments:
Post a Comment