Wednesday, November 23, 2016

၆၆ ဃ ကို ဘ၀င်မကျကြောင်း ၀န်ကြီးပြော


 

( ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ် ) Photo: Win Ko Ko Latt/ RFA လက်ရှိကျင့်သုံးနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို ဘ၀င်မကျဘူးလို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်အချို့ရဲ့မေးမြန်းမှုကို ၀န်ကြီးဦးသန့်စင်မောင်က အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ မှာ မည်သူမဆို ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက် ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပါရှိပါတယ်။

အဲဒီဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ သူရဦးရွှေမန်းဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကလည်း လေ့လာသုံးသပ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ၆၆ ဃနဲ့ အရေးယူခံထားရသူ ၂၅ ယောက် လောက်ရှိပါတယ်။

RFA Burmese

No comments: