ရန်ကုန်၊ နိုဝင်ဘာ ၁၅
၁၉၉၅ ခုနှစ် မော်ဒယ်လ်အောက် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရာတွင် စီအန်ဂျီအိုးအပ်မည်ဟု သဘော တူထားသည့် စီးတီးဘတ်စ်နှင့် မီနီဘတ်စ်ယာဉ် ၂၈ စီးကို နိုဝင်ဘာလ ၁၇ ရက်တွင် ပထမ အသုတ်အဖြစ် လူစီးစလစ် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ထံမှ သိရသည်။
“နောက်နှစ်ရက်နေ့မှ လူစီးစလစ် စထုတ်ပေးမယ်။ စီအန်ဂျီကို အပ်ကြမှာ ဖြစ်တယ်။ ပထမ စီစဉ်ထားတဲ့အတိုင်း စီးတီးဘတ်စ်နဲ့ မီနီဘတ်စ် ယာဉ်အိုတွေကို အရင်လဲပေးတာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုသည်။
ယာဉ်အိုဟောင်းအပ်နှံရန် အစိုးရ အဖွဲ့က ရရှိထားသည့် ယာဉ်စာရင်းမှာ အစီး ၃ဝ ရှိပြီး ၂၈ စီးကို လူစီးစလစ် ထုတ်ပေးခြင်းဖြစ်ကြေင်း၊ ထပ်မံ အပ်နှံမည့်ယာဉ်များ ရှိသေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
၁၉၉၅ ခုနှစ် မော်ဒယ်လ်အောက် ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ ၉ ရက်အထိ စီးတီးဘတ်စ်ယာဉ် ၃ဝ စီး၊ မီနီဘတ်စ်ယာဉ် နှစ်စီး၊ ဘီအမ်ယာဉ် ၁ဝဝ ကျော် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
ရန်ကုန်မြို့အတွင်း ယာဉ်အိုယာဉ်ဟောင်းယာဉ် ၄ဝဝဝ ကျော်ရှိသည့်အနက် နှစ် ၂ဝ ကျော် သက်တမ်းရှိ စီးတီးဘတ်စ် ယာဉ် ၁၄ဝဝ စီး၊ မီနီဘတ်စ်ယာဉ် ၂၇ဝ စီး၊ ဘီအမ်ယာဉ် ၄၂၇ စီးရှိကြောင်း မော် တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။
No comments:
Post a Comment