Wednesday, November 16, 2016

NLD အစိုးရ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍများတွင် SMEs နှင့် ခရီးသွားလုပ်ငန်း ပါဝင်





ရန်ကုန်၊ နိုဝင်ဘာ ၁၅

NLD အစိုးရလက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေးကဏ္ဍ ရှစ်ခု သတ်မှတ်ခဲ့ရာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်းများလည်း ပါဝင်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယခင်အစိုးရ လက်ထက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းဟူ၍ ဦးစားပေး ကဏ္ဍ သုံးခု ထုတ်ပြန်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ယင်းသုံးခု အပါအဝင် နောက်ထပ်ကဏ္ဍ ငါးခုကို ထပ်မံ ဖြည့်စွက်ခဲ့သည်။

“ဒါတွေက နိုင်ငံတော်က လိုအပ်တဲ့ စီးပွားရေး လုပ်ငန်း ရှစ်ခုပဲ။ ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံရင် ဝင်ငွေခွန် ကင်းလွှတ်ခွင့် ၇ နှစ်တို့ အခြား ခံစားခွင့်တွေ ရရှိမှာပေါ့”ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

အစိုးရသစ်လက်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍတွင် ထပ်တိုးလာသည့် လုပ်ငန်း ငါးမျိုးမှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ ခရီး သွားလုပ်ငန်းများ၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများအပေါ် နည်းပညာ လွှဲပြောင်းနိုင်သည့် လုပ်ငန်းများ၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းရေးအတွက် သင်တန်းများပေးနိုင်သောလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အားနည်းသော ဒေသများတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

ယခင်အစိုးရ လက်ထက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း ပါဝင်ခဲ့သော်လည်း ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်နှုန်းမှာ မရှိသလောက် နည်းပါးခဲ့ကြောင်း ယခု အစိုးရ လက်ထက်တွင် လယ်ယာကဏ္ဍ၌ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်နိုင်သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်ရန် လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခက်ခဲသည့် စည်းမျဉ်း၊ အမိန့် ကြော်ငြာစာများကို ပြင်ဆင်ရန် လိုအပ်ကြောင်း ဆန်ကုန်သည် ဦးအောင်မြင့်က ပြောကြားသည်။

အစိုးရသစ် တက်ပြီး ရှစ်လအတွင်း လယ်ယာ ကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နှုန်းမှာ အမေရိကန် ဒေါ်လာ ၁ သန်းပင် မပြည့်သေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

No comments: