တရုတ်-မြန်မာနယ်စပ်တွင် လတ်တလော ဖြစ်ပွားလျက်ရှိသော တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့အကြားတိုက်ပွဲများကြောင့် နယ်စပ်တလျောက် အသင့်အနေအထားရှိရန် တရုတ်အစိုးရက စစ်တပ်ကို တပ်လှန့်ထားကြောင်း သိရသည်။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ KIA/ MNDAA/ TNLA လက်နက်ကိုင်အဖွဲ့များပူးပေါင်း၍ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်စခန်းများနှင့် ရဲကင်းများအား တပြိုင်နက်တည်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏အချုပ်အခြားအာဏာနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန်နှင့် နယ်စပ်ဒေသတလျောက်တွင် နေထိုင်လုပ်ကိုင်ကြသော တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက်တရုတ်စစ်တပ်ကို အသင့်အနေအထားတွင်ရှိရန် တပ်လှန့်ထားသည်ဟု ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်သို့ စစ်ရှောင်ခိုလှုံသူ ၃ ထောင်ခန့်ရှိပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်းလည်း သိရသည်။
“တရုတ်ဘက်ကို ကူးလာတဲ့လူအရေအတွက်ကလည်း တနေ့တခြား တိုးလာနေတယ်။ များသောအားဖြင့်တော့ မြန်မာဘက်မှာ နေထိုင်လုပ်ကိုင်ကြတဲ့ တရုတ်နွယ်ဝင်တွေဖြစ်ပါတယ်။ မန္တလေးမှာရှိတဲ့ ကောင်စစ်ဝန်ရုံးကို အကူအညီတောင်းခံထားတဲ့ တရုတ်နိုင်ငံသားတွေလည်း အများကြီးရှိနေပါတယ်။ လောလောဆယ်မှာ ဒီလူတွေကို ဘယ်လို နေရာချထားပေးရမလဲဆိုတာနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာတရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment