Sunday, November 13, 2016

ကြက်ဖကြီး အကောင့်ပိုင်ရှင်ဟု စွပ်စွဲခံရသည့် ကိုလှဖုန်းအား ထောင်ဒဏ် ၂ နှစ်ချမှတ်

Posted: November 11, 2016

ကြက်ဖကြီး အကောင့်ပိုင်ရှင်ဟု စွပ်စွဲခံရသည့် ကိုလှဖုန်းအား မရမ်းကုန်းမြို့နယ် တရားရုံးက ယနေ့(နိုဝင်ဘာ၁၁) တွင် ထောင်ဒဏ် ၂ နှစ်ချမှတ် လိုက်ကြောင်း သိရသည်။

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတဟောင်း ဦးသိန်းစိန်အား စော်ကားသည့်အတွက် မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်မှ ၂၀၁၆ ဖေဖော်ဝါရီ ၁၀ ရက်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်နှစ်မှု၊ ၅၀၅(ခ)၊ နိုင်ငံတော်အလံ ပုဒ်မ-၁၆ တို့ဖြင့် တရားစွဲဆိုထားခြင်းအပေါ် အမိန့်ချမှတ်ခြင်းဖြစ်သည်။

 

ကိုလှဖုန်းအား မရမ်းကုန်းမြို့နယ် တရားရုံးမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)အရ အလုပ်နှင့် ထောင်ဒဏ် ၆ လ၊ ၅၀၅(ခ)အရ အလုပ်နှင့်ထောင်ဒဏ် ၆ လ၊ နောက်ထပ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆(ဃ)အရ အလုပ်နှင့် ထောင်ဒဏ် ၆ လနှင့် အလံပုဒ်မ ၁၆ အရ အလုပ်နှင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။ အဆိုပါ ပြစ်ဒဏ်များထဲတွင် ဆက်သွယ်ရေးပုဒ်မ- ၆၆(ဃ) တစ်မှုနှင့် ၅၀၅(ခ)အား ချုပ်ရက်ခံစားခွင့် ပြုထားကြောင်း သိရသည်။

 

၆၆(ဃ) ပြင်ဆင်ရေး လှုပ်ရှားသည့်အဖွဲ့မှ ကိုဆောင်းခက “ကိုလှဖုန်းအမှုကို အယူခံ ဆက်ဝင်သွားဖို့ ရှိပါတယ်။ အယူခံဝင်မှာ ဆိုတော့ ပြင်ဆင်စရာရှိတာ ပြင်မှာဆိုတော့ ဘယ်နေ့တင်မလဲ ဆိုတာတော့ မသိရသေးပါဘူး” ဟု ပြောသည်။

 

ယခင်အစိုးရလက်ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူ ၇ ဦးရှိရာ ပြစ်ဒဏ်ချမှတ်ခံရ ၅ ဦး ရှိခဲ့သည်။ လက်ရှိ အစိုးရလက်ထက်တွင် တရားစွဲဆိုခံရမှု ၁၈ မှုရှိပြီး ဖမ်းဆီးချုပ်နှောင်ခံရသူ ၈ ဦးအထိ ရှိသည်။ နိုဝင်ဘာ ၁၀ ရက်အထိ ၆၆(ဃ)ဖြင့် တရားစွဲဆိုမှု စုစုပေါင်း ၂၆ မှုရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့မှ သိရသည်။

 

Photo - ကိုလှဖုန်းအား ယခင်ရုံးထုတ်စဉ်ကပုံ

စိုင်းဟန်

The Ladies News

No comments: