Monday, November 14, 2016

ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာ မဟုတ်ဘဲ အခြားနေရာ ပြောင်းရွှေ့လုပ်ကိုင်ရန် စဉ်းစားနေသည်ဟု ကုမ္ပဏီဘက်က ပြောကြားခဲ့သည့် မိုးပျံပူဖောင်းစီမံကိန်းအား ဆက်လက် စောင့်ကြည့်မည်ဟု ဆို

ကန်တော်ကြီး ယခင် ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်လိုသည်ဟုဆိုသော မိုးပျံပူဖောင်း စီမံကိန်းနေရာအား တွေ့ရစဉ်

ကန်တော်ကြီး ယခင်ငါးပြတိုက်ဟောင်းနေရာတွင် လုပ်ဆောင်မည့် မိုးပျံပူဖောင်းစီမံကိန်းအား ကန့်ကွက်မှုများပြားသဖြင့် လုပ်ဆောင်မည့်ကုမ္ပဏီက ကန်တော်ကြီးမဟုတ်ဘဲ အခြားနေရာသို့ ပြောင်းရွှေ့ရန် လုပ်ကိုင်ရန် စဉ်းစားနေကြောင်း ပြောကြားထားမှုအပေါ် ဆက်လက်စောင့်ကြည့်မည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

ကန့်ကွက်မှုများပြားခဲ့သည့် မိုးပျံပူဖောင်းစီမံကိန်းကို ကန်တော်ကြီး ယခင်ငါးပြတိုက်ဟောင်းနေရာတွင် လုပ်ဆောင်လိုသည်ဟု Myanmar Voyages International Tourism Co,.Ltd က တင်ပြလာခဲ့သည့်အပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မူအားဖြင့် သဘောတူခဲ့ကြောင်း သိရသည်။

ယင်းသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သဘောတူလိုက်ခြင်းကြောင့် ယင်းစီမံကိန်းမှာ မဖြစ်သင့်ကြောင်း အများပြည်သူ အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များထံမှပါ ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့ပြီးမှ အဆိုပါကုမ္ပဏီက အောက်တိုဘာ ၁၃ ရက်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရေးရာ ကော်မတီများမှ တာဝန်ရှိသူများအား စီမံကိန်းအကြောင်း ရှင်းပြခဲ့ရာ အများပြည်သူပိုင် နေရာဖြစ်သည့် ပန်းခြံအတွင်းလုပ်ဆောင်မည် ဖြစ်သောကြောင့် ယင်းကိစ္စအား သဘောမတူကြောင်း၊ အခြားနေရာတစ်ခု ရှာဖွေရန် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သဖြင့် ကုမ္ပဏီဘက်ကလည်း ၎င်းတို့အနေဖြင့် အခြားနေရာတစ်ခု ရှာဖွေရန် စဉ်းစားနေကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သို့ရာတွင် နေရာပြောင်းရွှေ့မည့်ကိစ္စ လက်ရှိအထိ မည်သည့်သတင်းမှ မထွက်ဘဲ ငြိမ်သက်နေဆဲဖြစ်သောကြောင့် စောင့်ကြည့်နေကြောင်း၊ ယခုနေရာ၌ပင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းလာပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က လုပ်ကိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းဖြင့် တားဆီးသွားမည်ဖြစ်ကြောင်း ဦးလှဌေးက ပြောကြားသည်။

“ဒီစီမံကိန်းကို နေရာရွှေ့ပြီး နေရာတစ်ခုကို ရှာမယ်ဆိုတာ ကျွန်တော်တို့ ကြားထားပါတယ်။ ကျွန်တော်တို့ကို ဘယ်နေရာကိုရွှေ့မယ်ဆိုတာတော့ တရားဝင်တော့ အသိမပေးထားဘူးပေါ့။ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကုမ္ပဏီတွေ့ပြီးပြောထားတဲ့ အချိန်မှာကတည်းက နေရာတစ်ခုကို သူတို့ ပြောင်းပြီး စီစဉ်မယ်ဆိုတာတော့ ပြောသွားတာ ရှိတယ်။ ကျွန်တော်တို့က သူတို့ကို တရားဝင်ပြောခဲ့ပြီးပြီ။ ကန်တော်ကြီးက နေရာလေးကိုတော့ ကျွန်တော်တို့က လက်မခံဘူး။ ပြတ်ပြတ်သားသားကို ပြောခဲ့ပြီးပါပြီ။ ထပ်လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။  ဒီနေရာမှာ ထပ်ပြီးတော့ မဖြစ်မနေ ဒီမှာလုပ်ဖို့  ကြိုးစားလာပြီဆိုရင်လည်း လွှတ်တော်က လုပ်နိုင်တဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ဒါကို တားဆီးမှာပဲ။ ဘာလို့လဲဆိုတော့ ပြည်သူလူထုရဲ့ဆန္ဒဖြစ်နေတာကိုး။  ကျွန်တ်ာတို့ကို လွှတ်တော်မှာ လာရှင်းပြတုန်းက ကျွန်တော်တို့ရဲ့ သဘောထားဆန္ဒအမှန်ကို ပြောပြီးသွားပြီ။ သူတို့ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ကျွန်တော်လည်း စောင့်ကြည့်နေပါတယ်” ဟု ဦးလှဌေးက ပြောကြားသည်။

အဆိုပါ မိုးပျံပူဖောင်းစီမံကိန်းသည် ဟီလီယမ်ဓာတ်ငွေ့ကို အသုံးပြုကာ ရွေ့လျား၍မရဘဲ တစ်နေရာတည်းတွင် အတက်အဆင်းသာ ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အမြင့်ပေ ၄၀၀ ခန့်တွင်ရှိမည်ဖြစ်၍ ရွှေတိဂုံစေတီတော် အမြင့်နှင့် သိပ်မကွာတော့သည့်ကိစ္စအပေါ် စိုးရိမ်မှုများစွာရှိနေခြင်းအပြင် အဆိုပါစီမံကိန်းကြောင့် သစ်ပင်ပန်းအလှပင်များ ရွှေ့ပြောင်း စိုက်ပျိုးရမည်ဖြစ်သောကြောင့် ဘဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကပါ ကန့်ကွက်ထားကြသည့် စီမံကိန်း ဖြစ်သည်။

ယင်းစီမံကိန်းမှ မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် ဒေါ်လာ ၁၂၀၀၀၀ ရရှိမည်ဖြစ်ပြီး တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ ခန့်ရရှိမည် ဖြစ်ကြောင်း၊ မြန်မာကျပ်ငွေဖြင့် ပြန်တွက်ကြည့်ပါက တစ်လလျှင် ကျပ်သိန်း ၁၂၀ ခန့် ရရှိမည်ဖြစ်သော်လည်း အများပြည်သူအပန်းဖြေရာ ကန်တော်ကြီးပန်းခြံအတွင်း လုပ်ဆောင်မည်ဖြစ်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားထားသည်။

ယင်းစီမံကိန်းအား အခြားနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည့်ကိစ္စအား ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။                          

Writer: 

ကျော်ထင်

ELEVEN

No comments: