ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ (ဘင်္ဂါလီ) ကျေးရွာ ဈေးဆိုင်ခန်းများ အောက်တိုဘာ ၃၀ ရက် ည ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ခြင်းမှာ နိုင်ငံတကာ အထောက်အပံ့ရလိုမှုနှင့် နိုင်ငံတကာမီဒီယာများတွင် သတင်းလွှင့်ဖော်ပြစေရန်အတွက် လုပ်ကြံဖန်တီးခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရသည်ဟု အောက်တိုဘာ ၃၁ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ၀န်ကြီး ဦးမင်းအောင်က“ငါးခူရမှာ ဆိုင်ခန်းတွေ မီးလောင်တာက ဆိုင်ရှင်ကိုယ်တိုင် မီးရှို့တာလို့ စုံစမ်းသိရတယ်။ သူတို့က ဒုက္ခသည်အမည်ခံချင်လို့ ဒီလိုလုပ်တာပဲဖြစ်တယ်။ အခု တရားခံကိုဖမ်းဆီးဖို့ရဲက ဆောင်ရွက်နေတယ်” ဟု ပြောကြားသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်တေဇနှင့်အဖွဲ့ သွားရောက်ခဲ့ရာတွင် ငါးခူရ (ဘင်္ဂါလီ)ကျေးရွာရှိ နူရူဒိန်း (၄၀ နှစ်) (ဘ) ဒီမာမောက်၏ ဈေးဆိုင်ခန်း မီးလောင်ကျွမ်းနေသည်ကို တွေ့ရကြောင်း၊ ထိုသို့ မီးလောင်နေသည့် ဈေးဆိုင်ခန်းအား ဘင်္ဂါလီ ကျေးရွာသား တစ်ဦးတစ်ယောက်မျှ မီးငြှိမ်းသတ်ခြင်းကို မတွေ့ရဘဲ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အနီးရှိ ဟိန္ဒူကျေးရွာသူ၊ ကျေးရွာသားများနှင့် ငါးခူရ (ရခိုင်)ကျေးရွာသားများမှ ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုတွင် နူရူဒိန်း၏ ဓနိမိုး၊ ၀ါးထရံကာ မြေစိုက်ဈေးဆိုင်ခန်း သုံးခန်းနှင့် ၀ိုင်ဒူ (၄၀ နှစ်) (ဘ) အဒူဆလင်၏ ဓနိမိုး၊ ၀ါးထရံကာ မြေစိုက်ဈေးဆိုင်ခန်းသုံးခန်း စုစုပေါင်း ခြောက်ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဒုက္ခသည်အမည်ခံကာ နိုင်ငံတကာအဖွဲ့ အစည်းများထံမှ ငွေးကြေးအထောက်အပံ့များ ရယူလိုခြင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များမှ မီးရှို့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများက သတင်းထုတ်လွှင့် ဖော်ပြစေလိုခြင်းနှင့် ယင်းမီးလောင်မှုဖြစ်သည့် ငါးခူရ (ဘင်္ဂါလီ) ကျေးရွာ၏ အနောက်မြောက်ဘက်တွင်ရှိသည့် ငါးခူရ (ဟိန္ဒူ)ကျေးရွာအား မီးကူးစက်လောင်ကျွမ်းစေလိုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် နူရူဒိန်းသည် မိမိ၏ဈေးဆိုင်ခန်းများအား မီးရှို့လျက် အခြားတစ်နေရာသို့ ရှောင်တိမ်းသွားသည်ကို စိစစ်တွေ့ ရှိရကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ နူရူဒိန်း (၄၀ နှစ်) အား နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငါးခူရနယ်မြေရဲစခန်းတွင် (ပ)၃၄/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ပြီး ရဲအုပ်အထွန်းမှ တရားခံနူရူဒိန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
Writer:
သားရွှေဦး(ကစ္ဆပ)
No comments:
Post a Comment