၁၉၈၈ ခုနှစ်-
မင်းတို့နဲ့အတူ လူသတ်လက်နက်ကိုစွဲကိုင်ပြီး
ပါဏာတိပါတကံကို ငါတို့ လွန်ကျူးခဲ့ကြတယ်။
မင်းတို့နဲ့အတူလမ်းပေါ်ထွက် မင်းတို့ရှေ့ကရပ်ပြီး
ရင်ကိုဖွင့်လို့ စတင်းဂန်းကျည်ဆံတွေကို
သင်္ကန်းအားကိုးနဲ့ ရင်ကို ဖွင့်လို့ ခံပေးခဲ့ကြတယ်။
ကယ်တော်မူကြပါဦးဘုရားလို့ အော်ပြီး
စာသင်တိုက်ထဲ ပြေးဝင်လာကြတဲ့ မင်းတို့ကို
ချက်ချင်းကတုံးတုံးပေး၊ သင်္ကန်းခြုံပေးလို့
သင်းပိုင်ကို ခါးတောင်းကြိုက် စာသင်တိုက်ထဲ
ဘယ်လက်ကိုင် ဘယ်အဖွဲ့အစည်းမှ
ဝင်လို့မရအောင် တားဆီးခဲ့ကြတယ်။
ဇွဲကောင်းလှတဲ့ ထောက်လှမ်းရေးလက်က မင်းတို့လွတ်ဖို့
မင်းတို့ကို စာသင်တိုက်ထဲမှာ ဖွက်ထားရင်း
နေပူမိုးရွာမရှောင် ခြေဗလာနဲ့ ဆွမ်းခံပြီး
ထမင်းကျွေးခဲ့ကြတယ်။
ညနေတိုင် ထမင်းဆာတတ်တဲ့ မင်းတို့အတွက်
ရဟန်းအမတွေဆီမှာ အဆူအငေါက်ခံပြီး ညနေစာပို့ပေးဖို့
မျက်နှာချိုသွေးခဲ့ကြရတယ်။
အဲဒီတုန်းက မင်းတို့ပါးစပ်က ငါတို့ကို
သင်္ကန်းဝတ်ထားတဲ့ သံဃာတု၊ သံဃာယောင်တွေလို့
တစ်ခွန်းမှ မပြောခဲ့ကြပါလား?
မင်းတို့ကို ကျောင်းတိုက်မှာ ဖွက်ထားခဲ့မိလို့
ဘာမှမသိခဲ့ကြတဲ့ ငါတို့ တိုက်အုပ်ဆရာတော်တွေခမျာ
စစ်ကြောရေးမှာ ကော်စား၊ လက်သည်းခွံခွာ
ရေနွေးအဖျောခံရပြီး တသက်တာ ယာဂုဆွမ်းပဲ
ဘုဉ်းပေးရအောင် သွားတွေ အနှုတ်ခံခဲ့ကြရတယ်….။
အခု မင်းတို့ပါးစပ်ကထွက်တဲ့ စကားအတိုင်းပဲ
ပြောလိုက်တော့မယ်။
မြတ်စွာဘုရားဟောကြာတော်မူခဲ့တဲ့အတိုင်း
ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရမယ်ဆိုတာလို
သံသရာက အကြွေးကို ပြန်ဆပ်ရတယ်လို့ပဲ
မှတ်ယူလိုက်ပါတော့မယ်…။
ဒါပေမယ့် …
မင်းတို့ကို
ခြေဗလာနဲ့ ဆွမ်းခံပြီး ထမင်းကျွေးခဲ့တဲ့ ကျေးဇူးကိုတော့
ဒီထက်ပိုပြီး ဆက်မဆပ်ပါနဲ့တော့လို့
၈၈ တုန်းက မင်းတို့အစား သံသရာအကြွေးကို ဆပ်ခဲ့လို့
မသေပဲနဲ့ ကံကျွေးကျန်နေလို့ အသက်ရှင်ခွင့်ရခဲ့ကြတဲ့
သံဃာထုကိုယ်စား တောင်းပန်လိုက်ပါတယ်။
No comments:
Post a Comment