Friday, July 1, 2016

၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လအတွင်း အလျင်စလို မကျင်းပရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တင်ပြ --- --- ----



တိုင်းရင်းသားအားလုံး တန်းတူ ပါဝင်နိုင်မှုအတွက် ထောက်ရှူ၍ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လအတွင်း အလျင်စလိုကျင်းပလိုမှုကို အသေဆုပ်ကိုင်မထားရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အစိုးရထံ တင်ပြထားကြောင်း သိရသည်။

ယင်းသို့ တောင်းဆိုမှုကို နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် ကျန်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များကပါ တင်ပြထားခြင်းဖြစ်သည်ဟု သိရသည်။

ကေအန်ယူ ဥက္ကဋ္ဌ မူတူးဆေးဖိုးက “တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံး တန်းတူဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ဖို့အတွက် မိမိတို့တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သုံးသပ်ညှိနှိုင်းလိုမှုများ ပြုလုပ်လိုတဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ နောက်ပိုင်းတွင်မှ ကျင်းပရန် အထူးမေတ္တာရပ်ခံလိုပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာရပ်ခံသည့် အချက် ၄ ချက်တွင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ဖြစ်စဉ်အရ အလွှာပေါင်းစုံ ၊လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ စသဖြင့် ပါဝင်မှုကို အားပေးလျက် အလွှာအလိုက် ၊ လူမျိုးစုအလိုက် အကြောင်းအရာအလိုက် ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဖော်ဆောင်ရေးသည် အရေးကြီးသည်ဟု မေတ္တာရပ်ခံထားသည်။ ယင်းအပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ၊ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးတို့မှာ ကဏ္ဍတစ်ခုနှင်တစ်ခု သီးခြားစီထား၍ မရဘဲ အပြန်အလှန် အမှီသဟဲပြုနေကြသည့်အတွက် အားလုံးပါဝင်မှုမှာ အရေးကြီးပြီး တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို ရဲရဲတင်းတင်းတည်ထောင်ကြရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌ မူတူးဆေးဖိုးက တိုက်တွန်းသည်။

ယင်းအပြင် ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပသည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားသော UNFC တိုင်းရင်းသား တပ်ပေါင်းစုတို့ ဆွေးနွေးမှုတွင်လည်း သြဂုတ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လကုန်ပိုင်းတွင် မဖြစ်မနေကျင်းပရန်ဆိုပြီး အသေဆုပ်ကိုင်မထားရန် UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်မှ တင်ပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် ၁၅ ဖွဲ့ကိုသာ ယခင်အစိုးရက လက်မှတ်ထိုးရန် သတ်မှတ်ခဲ့ပြီး အေအေ ၊ တအာင်းပလောင် ၊ ကိုးကန့် MNDAA စသည့်အဖွဲ့များမှ လက်နက်စွန့်ရန် သေချာပြီဆိုမှ ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာသေးခင်ကပင် ပြောကြားထားသည်။

“ကျွန်တော့်အမြင်အရဆိုရင် လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မထိုးရသေးတဲ့ အဖွဲ့တွေရှိနေတယ်ဗျာ။ အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ထိုးတဲ့အဖွဲ့နဲ့ပဲပြောပြီး သြဂုတ်လကုန်ခါနီး ကျင်းပမယ်ဆိုပြီး သတ်မှတ်လိုက်တာက သွားမယ့်လမ်းကြောင်းမှာ မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ ပါဝင်မှုနဲ့ ပြောပိုင်ဆို ပိုင်ခွင့်တွေ သူတို့ရဲ့ တာဝန်နဲ့ နိုင်ငံရေးသြဇာကို လျှော့တွက်ထားတဲ့ သဘောဖြစ်နေတယ်။ အဲဒါက ပြသ၁နာရှိတယ်။ အထူးသဖြင့် သတ်မှတ်သင့် သတ်မှတ်ထိုက်လို့ အချိန်အပိုင်းအခြားကို ယျေဘုယျအားဖြင့် ထားတာက ပြသ၁နာမရှိဘူး။ အထူးသဖြင့် အသေသွားဆုပ်ကိုင်လိုက်ရင် ပိုခက်သွားနိုင်တယ်။ အဲဒီအချိန်မှာမှ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ မပြီးဘူးဆိုရင် မပြီးရင်လည်း ဆက်လုပ်မှာလားဆိုတဲ့ မေးခွန်းက ထွက်လာတယ်။ ကျွန်တော်တို့က တစ်ခါတလေ အစီစဉ် ၂ က မပြီးသေးဘူး ၄ ကို ကျော်လုပ်ဆိုတာတွေ ဖြစ်တယ်။ ငါတို့ ဘယ်တော့လုပ်မယ်ဆိုတာက ၂ တောင်မပြီးသေးတာက ၄ ကို သွားမယ်ဆိုတာ ကလေးတောင် တွေးရင်ရပါတယ်။ အဓိကက အားလုံးပါဝင်နိုင်မှု မရေရာသေးတာကြောင့် ဖြစ်ပါတယ်” ဟု တိုင်းရင်းသားရေးရာ လေ့လာသူ စောကပီက သုံးသပ်သည်။

၂၁ ပင်လုံကို သြဂုတ်လ နောက်ဆုံးအပတ်တွင် ကျင်းပမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်မှတ်မထိုးရသေးသည့် အဖွဲ့များမှာ တိုက်ရိုက်ပါဝင်ခွင့် မရှိသေးသလို လက်မှတ်ထိုးရန် ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များမှာ အားလုံးပါဝင်ခွင့်ရမှ လက်မှတ်ရေးထိုးမည့် မူကို ယခင်အစိုးရ လက်ထက်ကတည်းက ချမှတ်ထားပါသည်။

တိုင်းရင်းသားများအနေဖြင့် တိုင်းပြည်ကို ပိုင်ဆိုင်သူများတွင် ပါဝင်သောကြောင့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင် ပါဝင်ရန် တာဝန်ရှိသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ဇူလိုင်လ ၁ ရက်နေ့တွင် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ပလောင်(TNLA)၊ ရခိုင်(AA)နှင့် ကိုးကန့် (MNDAA)တို့၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ရေးသည် အရေးကြီးကြောင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လွန်ခဲ့သည့် ရက်ပိုင်းကတွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု ABSDF ကျောင်းသားတပ်ဖွဲ့မှ ရဲဘော်သံခဲကပြောသည်။

ဇော်မင်းထွန်း
The Ladies News


No comments: