Tuesday, July 5, 2016

ပိုင်ဆိုင်မှုကို မိသားစုက သိမ်းပိုက်လိုက်သည်ဟုဆိုကာ မြို့ခံသူဋ္ဌေးတစ်ဦး တောင်းရမ်း -----------------------------------------

မွန်ပြည်နယ် မော်လမြိုင်မြို့ ဆန်တန်းရပ်မှ သူဋ္ဌေးကြီးဦးကျင်သိန်းသည် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို မိသားစုက သိမ်းပိုက်လိုက်သည်ဟုဆိုကာ ယနေ့ (ဇူလိုင် ၅ ရက်) နံနက်ပိုင်းက ကျိုက္ခမီ- မော်လမြိုင်ကားလမ်းဘေးတွေ တောင်းရမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ဦးကျင်သိန်းသည် ဆင်းရဲနွမ်းပါးသူတစ်ဦးမဟုတ်ဘဲ ရွှေဆိုင်လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းပိုင်ဆိုင်သော ရတနာပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးကို သားအဖြစ်မှစွန့်လွှတ်ထားသူနှင့် မိသားစုဝင်တို့က ချုပ်ကိုင်သိမ်းပိုက်လိုက်သည်ဟု ရေးသားထားသော ဗီနိုင်းကို ကိုင်ဆောင်လျက် တောင်းရမ်းနေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ဆိုသည်။

ပိုင်ဆိုင်မှုများ သိမ်းပိုက်ခံလိုက်ရသည့် ကိစ္စကို မြို့နယ်တရားရုံးထံ ဦးတိုက်တိုင်ကြားခဲ့သော်လည်း အမှုကို ပလပ်လိုက်သဖြင့် ၎င်း၏ ပိုင်ဆိုင်မှု အားလုံးကို ပြန်လည်ရရှိရန် အကြောင်းမရှိခြင်းကြောင့် လက်ရှိအချိန်တွင် ဝမ်းရေးအတွက် အခက်ကြုံလာရသဖြင့် ယခုကဲ့သို့ တောင်းခံရခြင်းဖြစ်ကြောင်း ဦးကျင်သိန်းက ပြောကြားသည်။

ဦးကျင်သိန်းနှင့် သားတော်စပ်သူဟု ပြောဆိုပြီး အမည်မဖော်ပြခဲ့သည့် လူတစ်ဦးက ဦးကျင်သိန်း တောင်းစားမှု ပြုလုပ်နေသည်နေရာကို ရောက်ရှိလာပြီး ယခုကိစ္စသည် မိသားစုအတွင်းကိစ္စသာဖြစ်ပြီး ယင်းကိစ္စကို သတင်းရေးသားမှုပြုလုပ်ပါက တရားစွဲမည်ဟု သတင်းမီဒီယာသမားများကို ပြောဆိုခြိမ်းခြောက်ခဲ့သည်။

ဦးကျင်သိန်းသည် မော်လမြိုင်ရက်ချက်စက်ရုံတွင် ကိုးနှစ်၊ ဘီးလင်း သကြားစက်တွင် တစ်နှစ်အလုပ်လုပ်ကိုင်ခဲ့ပြီး ဆေးပင်စင်ဖြင့် အနားယူနေသည့် အငြိမ်းစားဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။

(ဓာတ်ပုံ- ဥာဏ်စိုးဝင်း)

No comments: