~~~~~~~~~~~~~
ဘင်္ဂလာဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရ
နိရဉ္စရာ၊ မေလ ၁၄
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ချောင်းဆရီမြို့နယ်တွင် အသက် ၇၅နှစ် အရွယ် ဘုန်းကြီးတစ်ပါး အသတ်ခံခဲ့ရသည်ဟု Bdnews24 နှင့် The Washington Post တို့တွင် သတင်းဖော်ပြသည်။
အသတ်ခံရသည့် ဘုန်းတော်ကြီး အသက် (၇၅) နှစ်ရှိကြောင်း၊ အမည်မှာ Maung Shue U. Chak ဖြစ်ပြီး သူချွေးမ ဖြစ်သူက ယနေ့နံနက် (စနေ)က ဆွမ်းသွားပို့စဉ် ဆရာတော်၏ အလောင်းကို တွေ့ခဲ့ရသည်ဟု ရဲအရာရှိ Abul Khayer ကပြောကြောင်း သတင်းတွင် ဖော်ပြသည်။
ဆရာတော်၏ လည်ပင်းအား သောကြာနေ့ ညဥ့်အချိန်တွင် လှီးဖြတ်သွားခဲ့ပုံရသည်ဟု ရဲအရာရှိက ဆိုသည်။
ဘင်္ဂလာဒေ့ရှ်တွင် လူနည်းစု ဘာသာရေး အဖွဲ့ဝင်များ၊ နိုင်ငံခြားသားများ၊ ဘလောဂါများ၊ ဘာသာရေး အစွန်းရောက်မှုကို တိုက်ဖျက်နေသူများကို ယခု နှစ်အတွင်း သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းသတ်ဖြတ်မှုများကို IS နှင့် အယ်လ်ကိုင်းဒါးလို အဖွဲ့များက သူတို့၏ လက်ချက်ဟု ထုတ်ဖော် ပြောကြားထားသော်လည်း ယခု ရဟန်းတော် သတ်ဖြတ်ခံရမှုကို မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားကြောင်း မရှိသေးကြောင်း သိရသည်။
( Photo by Bdnews24.com)

No comments:
Post a Comment