Tuesday, May 24, 2016

ခြောက်နှစ် မိန်းကလေးငယ်ကို ဦးခေါင်းဖြတ် ဝမ်းဗိုက်ခွဲကာ ပုဇွန်တောင်ချောင်းအတွင်း အလောင်းစွန့်ပစ်သူကို စုံစမ်း

  သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆ နှစ် အရွယ် မိန်းကလေးငယ်၏ ဦးခေါင်းကို ဖြတ်ကာ ဝမ်းဗိုက်ခွဲ၍ ကလီစာများ ထုတ်ယူပြီး ပုဇွန်တောင်ချောင်းအတွင်း အလောင်းစွန့်ပစ်ခဲ့သူကို စုံစမ်နေကြောင်း ရန်ကုန်အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ သတ်ဖြတ်အလောင်းစွန့်ပစ်ခံရသူ မိန်းကလေးငယ်မှာ သူငယ်တန်းအောင်မြင်ထားသူ မဇူးဇူးဇင်ဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့က ၎င်းနေထိုင်သည့် ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံ(၁)လမ်းတွင် ဆော့ကစားနေရာမှ ပျောက်ဆုံး ခဲ့သောကြောင့် လူပျောက်တိုင်ချက်ဖွင့်ထားသူ ဖြစ်ကြောင်း၊ ဧပြီလ ၂၂ ရက်နေ့က ဦးခေါင်းမပါဘဲ ပုပ်ပွနေသည့် ၎င်း၏ ရုပ်အလောင်းကို ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်အနီး ပုဇွန်တောင် ချောင်းတွင် ပြန်လည်တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဦးခေါင်းမပါတဲ့ ကလေးငယ် အလောင်းက ပုံသဏ္ဌာန် ပျက်နေတာကြောင့် ဘာကြောင့် သေဆုံးခဲ့တယ်ဆိုတာ ချက်ချင်း စစ်ဆေးလို့မရခဲ့ဘူး၊ မှုခင်းဆရာဝန်ရုံးရဲ့ စစ်ဆေးချက်အရ ကလေးရဲ့ လည်ပင်းမှာ တိတိရိရိ ပြတ်နေတဲ့ ဒဏ်ရာတွေ့တယ်၊ ပြီးတော့ ဝမ်းဗိုက်မှာ ခွဲစိတ်ထားတယ်လို့ ယူဆရတဲ့ ပြတ်ရှဒဏ်ရာတွေ့ပြီး အသည်းနဲ့ ကျောက်ကပ် မရှိတော့တာ စစ်ဆေးသိရှိရတယ်၊ လူသတ်အလောင်းဖျောက်သူကို ဖော်ထုတ်အရေး ယူနိုင်ဖို့ စီအိုင်ဒီနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းစုံစမ်းနေပါတယ် ” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
၎င်းကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိခဲ့သော ပုဇွန်တောင်ချောင်းတွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီက လူဦးခေါင်းခွံ တစ်လုံးကို ထပ်မံတွေ့ရှိခဲ့သောကြောင့် စစ်ဆေးခဲ့ရာ အဆိုပါ ဦးခေါင်းခွံရိုးမှာ ကလေးငယ်၏ ဦးခေါင်းခွံ မဟုတ်ကြောင်း၊ လူကြီးအရွယ်တစ်ဦး၏ ဆွေးမြေ့နေသော ဦးခေါင်းခွံ တစ်ခုဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ မှုခင်းဆရာဝန်၏ စစ်ဆေးချက်များအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

No comments: