Tuesday, May 31, 2016

ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်း ဆင်များကြား ယုန်လိုက်ဖမ်းနေသည်နှင့် တူကြောင်း ဦးရဲထွဋ်ပြော ----------------------------------------------

ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်း ဆင်များကြား ယုန်လိုက်ဖမ်းနေသည်နှင့် တူကြောင်း ဦးရဲထွဋ်ပြော
----------------------------------------------

သား၊ သမီးများ အမည်ဖြင့် လုပ်ငန်းများ လုပ်ခြင်း၊ မြေသိမ်းခြင်း၊ အစိုးရကန်ထရိုက်များ၊ လုပ်ပိုင်ခွင့်များရကာ ကြီးပွားနေသူများကြား ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန် ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ ပြောဆိုနေခြင်းသည် ဆင်များကြားတွင် ယုန်လိုက်ဖမ်း နေသည်နှင့်တူကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က နေပြည်တော်၌ ယနေ့ (ဇွန်လ ၂ ရက်) နံနက်ပိုင်းက ကျင်းပသည့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အမှုဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့ကြောင်း သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ထုတ်ဖော် ရေးသားထားသည်။

"ဒီနေ့ခင်ဗျားတို့ ( မီဒီယာတွေ) ပြောနေတဲ့ ရွှေလယ်တော လက်ဖက်ရည်ဆိုင်ကိစ္စ။ ဒီဆိုင်ကို ဘယ်သူပိုင်တယ်ဆိုတာ ကျွန်တော် မမေးရသေးဘူး။ သို့သော် ဦးသိန်းစိန် ပိုင်တယ်ဆိုရင်တောင် ၁၉၈၈ ခုနှစ်ကနေ ဒီနေ့အချိန်အထိ သား၊ သမီးတွေနာမည်နဲ့ လုပ်ငန်းတွေလုပ်၊ မြေတွေသိမ်း၊ အစိုးရကန်ထရိုက်တွေ၊ လုပ်ပိုင်ခွင့်တွေရပြီး ကြီးပွားနေတဲ့သူတွေကြားမှာ ဦးသိန်းစိန် လက်ဖက်ရည်ဆိုင် ဖွင့်တဲ့ကိစ္စကို ပြောနေတာဟာ ဆင်တွေကြားမှာ ယုန်လိုက်ဖမ်းနေတာနဲ့တူတယ်။ ဦးသိန်းစိန် တိုင်းမှူး၊ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ သမ္မတတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ သူ့သမီး သုံးယောက်အနေနဲ့ အစိုးရနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်တာ ရှိမရှိ ပြန်ကြည့်ပါ။ လုံးဝ မရှိပါဘူး။ အဲဒီလို အခြေအနေမှာ အခုလို သတင်းတွေ ဖြန့်နေတာက နိုင်ငံရေးအရ ထိုးနှက်တာလို့ပဲ မြင်တယ်"ဟု ဖော်ပြထားသည်။

ထို့ပြင် သမ္မတဦးသိန်းစိန်နှင့် ပတ်သက်ပြီး ပြီးခဲ့သည့် အစိုးရသက်တမ်း ကိစ္စများကို မိမိထံ အချိန်မရွေး မေးမြန်းနိုင်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။


No comments: