Tuesday, May 24, 2016

တာလီဘန်ခေါင်းဆောင် သေဆုံးမှုက အာဖဂန် ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု တစ်ရပ်ဟု အိုဘားမားဆို


တာလီဘန်ခေါင်းဆောင် မူလာ မိုဟာမက် အက်ခ်တား မန်ဆာကို သုတ်သင်လိုက်နိုင်ခြင်းသည် အာဖဂန် နစ္စတန်၏ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အရေးပါသည့် အောင်မြင်မှု တစ်ရပ်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပါကစ္စတန် နိုင်ငံတွင် အမေရိကန်၏ မောင်းသူမဲ့ လေယာဉ်တစ်စီးက ပစ်ခတ်သော ဒုံးကျည်ကြောင့် အာဖဂန် တာလီဘန်တပ်ဖွဲ့၏ ခေါင်းဆောင် မန်ဆာ သေဆုံးခဲ့ကြောင်း ပါကစ္စတန် ထောက်လှမ်းရေးက အတည်ပြုခဲ့သည်။ ၎င်းသည် အာဖဂန်နှင့် ပါကစ္စတန်တို့ကြား ကူးလူးသွားလာကာ ပုန်းခို ရှောင်တိမ်းနေသူ ဖြစ်သည်။
မန်ဆာကို သုတ်သင်လိုက်နိုင်ခြင်းသည် အမေရိကန် မုန်းတီးရေး အစွန်းရောက် ဝါဒီများအတွက် ထင်ရှားသည့် သတင်းစကား တစ်ရပ်လည်း ဖြစ်လိမ့်မည်ဟု အိုဘားမားက ကြွေးကြော်သည်။ ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတက “သူ (မန်ဆာ) သေသွားပြီဆိုတာ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ သူဟာ တာလီဘန်တွေရဲ့ ခေါင်းဆောင်ပါ။ ဒီအဖွဲ့အစည်းဟာ အာဖဂန်က အမေရိကန် နိုင်ငံသားတွေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခဲ့ပါတယ်”ဟု ဆိုသည်။
၎င်းက “ကျွန်တော်တို့ရဲ့ စစ်ဆင်ရေး မျှော်မှန်းချက်တွေက မပြီးသေးပါဘူး။ ကျွန်တော်တို့ရဲ့ တာဝန်က အာဖဂန် အနေနဲ့ ကိုယ့်နိုင်ငံ လုံခြုံရေး ကိုယ်တိုင် တာဝန်ယူနိုင်အောင် ကူညီဖို့ပါ။ ကျွန်တော်တို့ရဲ့ စစ်မှုထမ်း အမျိုးသား၊ အမျိုးသမီးတွေက အမြဲတမ်း ကူညီ တိုက်ခိုက်ပေးနေဖို့ မဟုတ်ပါဘူး။ တစ်ဖက်က ကြည့်ရင်တော့ အခု ကျွန်တော်တို့ဟာ တာလီဘန် ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်နိုင်ခဲ့ပြီ။ ကျွန်တော်တို့ဟာ အာဖဂန် ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်အောင် လက်တွေ့ ကြိုးစားနေကြောင်း ထင်ရှားတဲ့ သတင်းစကား တစ်ခု ဖြစ်စေခဲ့ပြီ။ ဒီအောင်မြင်မှုဟာ အာဖဂန်ရဲ့ ငြိမ်းချမ်းရေးအတွက် ပိုနီးစပ်လာမယ့် ခြေတစ်လှမ်းပါပဲ”ဟုလည်း ပြောကြားသွားသည်။
မန်ဆာသည် ၂၀၁၃ ခုနှစ်တွင် အာဖဂန် တာလီဘန် အဖွဲ့၏ ခေါင်းဆောင်အဖြစ် တင်မြှောက် ခံခဲ့ရသည်။ တာလီဘန်တို့သည် အာဖဂန်တွင် ဩဇာကြီးမားသည့် စစ်သွေးကြွ အုပ်စုတစ်ခုဖြစ်ပြီး ၎င်းတို့နှင့် အစိုးရတပ်ဖွဲ့များကြား တိုက်ခိုက်မှုများကြောင့် ယမန်နှစ် တစ်နှစ်တည်းတွင်ပင် အရပ်သား အရေအတွက် ၁၁၀၀၀ ကျော် သေကြေ ဒဏ်ရာရမှုများ ရှိခဲ့ပြီး အစိုးရ တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် ၅၅၀၀ ကျော် သေဆုံးခဲ့သည်။
Ref: Dallas News

No comments: