Thursday, May 26, 2016

ဗကသနှင့် မတွေ့ဆုံဘဲ နကသနှင့်သာ ပညာရေးဝန်ကြီး တွေ့ဆုံမည်

ဗကသနှင့် မတွေ့ဆုံဘဲ နကသနှင့်သာ ပညာရေးဝန်ကြီး တွေ့ဆုံမည်
Thursday, May 26, 2016

တကသ (တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) နှင့် ဗကသ (မြေလတ်) တို့စုပေါင်း၍ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (နကသ) ကို ဖွဲ့စည်းလိုက်ပြီး ယင်း နကသ နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ မေ ၂၉ ရက်တွင် တွေ့ဆုံမည်ဟု နကသ ဖွဲ့စည်းကြောင်း အသိပေးသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) တွင် နကသကျောင်းသားများနှင့် ပညာရေးဝန်ကြီးတို့ တွေ့ဆုံသွားမည်ဖြစ်ပြီး ကျောင်းသားသမဂ္ဂ တရားဝင် ရပ်တည်ခွင့် ရရှိရေးကိစ္စ၊ အဆင့်မြင့်ပညာရေး ဥပဒေတွင် ကျောင်းသားများ ပါဝင်ဆွေးနွေးရန်ကိစ္စ၊ ပညာရေးကဏ္ဍတွင် အစိုးရနှင့် ကျောင်းသားများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးရန် စီစဉ်ထားသည်ဟု တကသမှ ကိုဇေယျာလွင်က ပြောကြားသည်။

“ဒါက ဒီအစိုးရသစ် လက်ထက်မှာ အစိုးရ နဲ့ ကျောင်းသားတွေ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုပါ။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကနေ ကျွန်တော်တို့ကို တွေ့ဆုံဖို့ ဖိတ်ကြားတာပါ။ ကျွန်တော်တို့အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးမှာပါ”ဟု ကိုဇေယျာလွင်က ပြောကြားသည်။

“တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂက ဘယ်အခန်းကဏ္ဍက ရပ်တည်မယ်။ အဆင့်မြင့်ပညာရေးမှာ ကျောင်းသားသမဂ္ဂက ဘယ်လိုပါဝင်မယ်၊ ဥပဒေ မထွက်ခင်မှာ ကျောင်းအာဏာပိုင် ပါမောက္ခတို့၊ ပါချုပ်တို့နဲ့ သမဂ္ဂတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာ ဆွေးနွေးကြပါမယ်။ နယ်ပေါင်းစုံက လာတဲ့ကျောင်းသားတွေ ဖြစ်တဲ့အတွက် ကျောင်းသားထုရင်ထဲက ခံစားချက်တွေကို ပညာရေးဝန်ကြီးကို ပြောပြကြမယ်”ဟု တကသ မှ ကိုရဲဇာနည်ထွန်းက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်ကို ရန်ကုန်၊ မကွေး၊ ပြည်၊ ရေနံချောင်း၊ ပခုက္ကူ၊ နေပြည်တော်၊ ချောက်၊ မော်လမြိုင်၊ မုံရွာ၊ သန်လျင်၊ မြစ်ကြီးနားမြို့နယ်များရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား များနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ထိုသို့ အသစ်ဖွဲ့စည်းထားသည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (နကသ) နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ လာမည့် မေ ၂၉ ရက်တွင် တွေ့ဆုံမည်ဖြစ်သော်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီမှ တောင်းဆိုထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကိစ္စမှာ တစ်လခန့် ကြာမြင့်ပြီဖြစ်သော်လည်း တွေ့ဆုံခွင့် ရ မရ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Eleven Media Group


No comments: