ယခင်က မြို့တော်ခန်းမ (ဓာတ်ပုံ - ဒဂုံလမ်းညွှန်)
မြန်မာနိုင်ငံ
လွတ်လပ်ရေး ရရှိပြီးနောက် တစ်နှစ်ကျော်ကျော် အချိန် ခရစ်နှစ် ၁၉၄၉ ခုနှစ်
မတ်လ ၁ ရက် အင်္ဂါနေ့တွင် ဒီမိုကရေစီ နည်းကျကျ ဆန္ဒမဲပေး ရွေးချယ်
တင်မြှောက်ခဲ့သည့် ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန် ရွေးချယ်
တင်မြှောက်ပွဲကို ရန်ကုန်မြို့ မြူနီစီပယ်ရုံး (ယခု မြို့တော်ခန်းမ
မြို့တော် စည်ပင်သာယာရေး အဖွဲ့) ၌ သမိုင်းဝင် ပြုလုပ်ကျင်းပခဲ့သည်။
ဖဆပလ အစိုးရ အဖွဲ့၏ ၀န်ကြီးချုပ် ဦးနု (သခင်နု) ၏ ပါလီမန်ခေတ် ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန် ရွေးချယ်တင်မြှောက်ပွဲကို ရန်ကုန်မြို့ မြူနီစီပယ် ရုံးကြီးတွင် ၁၉၄၉ ခုနှစ် မတ်လ ၁ ရက် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီ အချိန်၌ ဒီမိုကရေစီ နည်းကျကျ ဆန္ဒမဲပေး စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် မြူနီစီပယ်လူကြီး ဗိုလ်သိန်းထွန်း ခေါင်းဆောင်သော မြူနီစီပယ် အမှုဆောင်လူကြီး ၃၉ ဦးကို ရွေးချယ် ခန့်ထားခဲ့သည်။ ၁၉၄၉ ခုနှစ် နှစ်ဦးပိုင်း၌ မြူနီစီပယ် လူကြီး ဗိုလ်သိန်းထွန်း နုတ်ထွက်သွားခဲ့သည်။ ၁၉၄၉ ခုနှစ် မတ် ၁ ရက် အင်္ဂါနေ့တွင် ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန် ရွေးချယ် တင်မြှောက်ပွဲကို ဆန္ဒမဲပေး စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန် ရွေးချယ် တင်မြှောက်ပွဲသို့ နုတ်ထွက်သွားခဲ့သော မြူနီစီပယ်လူကြီး ဗိုလ်သိန်းထွန်းမှလွဲ၍ ကျန်ရှိသော မြူနီစီပယ် အမှုဆောင်လူကြီး ၃၉ ဦး အစုံအညီ တက်ရောက်ခဲ့ကြသည်။ ယင်းရွေးချယ် တင်မြှောက်ပွဲတွင် ရှေးဦးစွာ အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် လစ်လပ်သွားသော မြူနီစီပယ်လူကြီး ဗိုလ်သိန်းထွန်း၏ နေရာတွင် ရန်ကုန်မြို့တော်ဝန်တစ်ဦး ခန့်ထားနိုင်ရေးအတွက် ရွေးချယ် တင်မြှောက်ပွဲကို ဆန္ဒမဲပေး စနစ်ဖြင့် ဒီမိုကရေစီ နည်းကျကျ ပြုလုပ်ကျင်းပရန် ကြေညာသည်။
ရှေးဦးစွာ မြို့တော်ဝန် ရွေးချယ်ပွဲအတွက် မြူနီစီပယ် အမှုဆောင်လူကြီး ၃၉ ဦးတို့က ယာယီ သဘာပတိ တစ်ဦးကို ရွေးချယ် တင်မြှောက်မှု ပြုရာတွင် ဖဆပလ အစိုးရအဖွဲ့၏ ကိုယ်စားလှယ်၊ လွှတ်တော်ရှေ့နေကြီး ဦးသိန်းမောင်က မြို့မရဲမင်းကြီး ဦးကျော်မြင့်ကို အဆိုတင်သွင်းခဲ့သည်။ ဦးထွန်းတင် (ဘီအေ၊ ဘီအယ်လ်) က ထောက်ခံခဲ့သည်။ ထိုနည်းတူ တစ်သီးပုဂ္ဂလ အဖွဲ့ဘက်မှလည်း သခင်ဘအေးက ကြီးပွားရေး ဦးသိန်းကို အဆိုတင်သွင်းပြီး ဦးအေးမောင်က ထောက်ခံခဲ့သည်။ ထို့ကြောင့် ယာယီ သဘာပတိခန့်အပ်ရန် အပြိုင်အဆိုင် ရှိနေသောကြောင့် မြူနီစီပယ် အမှုဆောင်လူကြီး ၃၉ ဦး၏ ဆန္ဒမဲပေး စနစ်ဖြင့် ရွေးချယ် ဆုံးဖြတ်ခဲ့ရာတွင် ကြီးပွားရေး ဦးသိန်းက မဲ ၂၀၊ ဦးကျော်မြင့်က ၁၉ မဲ ရရှိခဲ့သောကြောင့် ကြီးပွားရေး ဦးသိန်းအား ယာယီ သဘာပတိအဖြစ် တင်မြှောက်ခဲ့ကြသည်။
ယာယီသဘာပတိ ကြီးပွားရေး ဦးသိန်းနှင့် မြူနီစီပယ် အမှုဆောင် လူကြီးများသည် ကျမ်းသစ္စာ ကျိန်ဆိုကြပြီးနောက် ယာယီ သဘာပတိက မြို့တော်ဝန်အဖြစ် ရွေးချယ် တင်မြှောက်ရေးအတွက် ပုဂ္ဂိုလ်များကို အဆိုတင်သွင်းရန် ကြေညာခဲ့သည်။ ဖဆပလ အစိုးရအဖွဲ့ ကိုယ်စားလှယ် ဦးထွန်းတင် (ဘီအေ၊ ဘီအယ်လ်) က လွှတ်တော်ရှေ့နေကြီး ဦးသိန်းမောင်ကို အဆိုတင်သွင်းခဲ့သည်။ ဖဆပလ ကိုယ်စားလှယ် ဦးလှမောင် (သတင်းစုံ) နှင့် ဦးအီစွတ်တို့က ထောက်ခံခဲ့ကြသည်။ တစ်သီးပုဂ္ဂလ ဘက်မှလည်း ဦးဘစိုးက အင်ဂျင်နီယာ ဦးထွန်းတင်ကို အဆိုတင်သွင်းခဲ့ရာ တစ်သီးပုဂ္ဂလ ဦးထွန်းဝင်းက ထောက်ခံခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့တော်ဝန် ရာထူးတစ်နေရာ အတွက် အဆိုတင်သွင်း ခံရသူနှစ်ဦး အပြိုင်ဖြစ်နေသဖြင့် ဒီမိုကရေစီ နည်းကျကျ လျှို့ဝှက်ဆန္ဒမဲပေး စနစ်ဖြင့် မဲခွဲဆုံးဖြတ် ရွေးချယ်ရန် ယာယီ သဘာပတိက ကြေညာသည်။
မဲခွဲဆုံးဖြတ်ရာတွင် မြူနီစီပယ် အမှုဆောင်လူကြီး ၃၉ ဦး၏ မဲဆန္ဒအရ အင်ဂျင်နီယာ ဦးထွန်းတင်သည် မဲ ၂၀ ရရှိပြီး ဖဆပလ ကိုယ်စားလှယ် ဦးသိန်းမောင်သည် ၁၉ မဲ ရရှိခဲ့သောကြောင့် ယာယီသဘာပတိက အင်ဂျင်နီယာ ဦးထွန်းတင်အား ပါလီမန်ခေတ် ၁၉၄၉ ခုနှစ်၏ ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန် ရွေးချယ် တင်မြှောက်ခြင်း ခံရကြောင်းနှင့် ရန်ကုန်မြို့တော်ဝန်အဖြစ် ကြေညာခဲ့သည်။
ညနေ ၃ နာရီ အချိန်တွင် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ပြီး ၃ နာရီ ၁၅ မိနစ် အချိန်တွင် ပထမဦးဆုံးသော မြို့တော်ဝန် ဦးထွန်းတင် (အင်ဂျင်နီယာ) (B.Sc.,AMCT,Manchester) က နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက် ဘဏ္ဍာရေး ကော်မတီ၊ လမ်းနှင့် အဆောက်အအုံ ကော်မတီ၊ ရေနှင့် မိလ္လာကော်မတီ၊ ကျန်းမာရေးနှင့် ဈေးကော်မတီ၊ ရန်ကုန်မြို့ပညာရေး အဖွဲ့နှင့် မက္ကာရီ ရန်ပုံငွေ အဖွဲ့များအတွက် ကော်မတီ လူကြီးများကို ရွေးချယ် တင်မြှောက်ခဲ့ကြသည်။ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီး ရုပ်သိမ်းခဲ့သည်။ ပါလီမန်ခေတ် ၁၉၄၉ ခုနှစ် မတ် ၁ ရက် အင်္ဂါနေ့တွင် ရန်ကုန်မြို့ မြူနီစီပယ်ရုံးကြီး (မြို့တော်ခန်းမ) တွင် ပထမဦးဆုံးသော ရန်ကုန်မြို့ မြို့တော်ဝန် ရွေးချယ် တင်မြှောက်ခဲ့မှု သတင်းနှင့် ပထမဦးဆုံး ရန်ကုန်မြို့တော်ဝန် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသော မြို့တော်ဝန် ဦးထွန်းတင် (အင်ဂျင်နီယာ) ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်းကို ၁၉၄၉ ခုနှစ် မတ် ၂ ရက် ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာကြီး၌ ဤသို့မှတ်တမ်းတင် ရေးသား ဖော်ပြခဲ့သည်။
လွတ်လပ်ရေး ရရှိပြီးနောက် ပါလီမန်ခေတ် ၁၉၄၉ ခုနှစ် မတ် ၁ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ မြူနီစီပယ်ရုံးကြီး၌ ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန်အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် မြို့တော်ဝန် ဦးထွန်းတင် (အင်ဂျင်နီယာချုပ်) သည် ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ် ရွာသစ်ရွာ ဇာတိဖြစ်သည်။ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် မတိုင်မီ အချိန်တွင် လန်ဒန် မက်ထရစ် စာမေးပွဲ ဖြေဆိုရန် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံသို့ သွားရောက် ပညာသင်ယူခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ဗဟန်းရပ် အမျိုးသာကျောင်းတွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်၌ အိုင်အေတန်း ဆက်လက် တက်ရောက်ခဲ့ပြီး စကောလားရှစ်ဆု ရရှိခဲ့သည်။
ဦးထွန်းတင်သည် အင်္ဂလန်နိုင်ငံသို့ သွားရောက် ပညာသင်ကြားခဲ့ရာ မန်ချက်စတာ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ အင်္ဂလန်နိုင်ငံမှ ပြန်ရောက်လာသောအခါ ရန်ကုန်မြူနီစီပယ် အဖွဲ့တွင် အင်ဂျင်နီယာချုပ်အဖြစ် အမှုထမ်းသည်။ တိုက်ကြီးမြို့နယ် ဂျိုးဖြူရေလှောင်ကန်မှ ရေကို ရန်ကုန်မြို့သို့ ကွန်ကရစ်ပိုက်ဖြင့် သွယ်တန်းပေးပို့ရေး လုပ်ငန်းကို ဦးဆောင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတွင် ပထမဦးဆုံးသော ရန်ကုန်မြို့တော်ဝန် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည်။
ကျမ်းကိုး
၁။ တိုင်းပြည်ပြု လွှတ်တော်ညီလာခံ မှတ်တမ်းများ (၁၉၄၇-၁၉၅၂)
တင်နိုင်တိုး
၂။ မြန်မာ့အလင်း သတင်းစာ (၂-၃-၁၉၄၉ ခုနှစ်)

Writer:
လှမြင့် (ရန်ကုန်တက္ကသိုလ်)
No comments:
Post a Comment